Michelin Star ဆိုတာ စားဖိုမှူးလောကမှာ နိုဗယ်ဆုလောက်နီးနီး အရေးကြီးတဲ့ ဆုတစ်ဆု ဖြစ်ပါတယ်။ Michelin Star ရတယ်ဆိုတာ အချက်အပြုတ် လောကရဲ့ ကမ္ဘာ့အဆင့် World Series Championship မှာ ဆုရလိုက်တာပါပဲ။ အင်မတန် ထူးချွန်ပြီး အချက်အပြုတ်မှာ မာစတာလို့ ဆိုရလောက်အောင် သဘာရင့် ဝါရင့်သူတွေ ၊ ပါရမီပါပြီး ဟင်းပွဲတစ်ပွဲကို လူရဲ့ လျှာပေါ် ဘယ်လို မှတ်ဉာဏ်နဲ့ တင်ရမလဲ ကျင်လည်သူမျိုးတွေမှပဲ Michelin Star ရတာပါ။

Chef လောကမှာ Michelin Star ရဖို့ဆိုရင် တစ်ဘဝလုံး အစားအသောက် အချက်အပြုတ်ဘက် နှစ်မြုပ် ကြိုးစားလာခဲ့တဲ့ အတွေ့အကြုံ ၊ လူတကာနဲ့ မတူတဲ့ နည်းလမ်းသစ်တွေ ၊ ကိုယ်ပိုင်အရသာဖန်တီးနိုင်စွမ်းတွေ လိုအပ်ပါတယ်။ Michelin Star တစ်ပွင့် ရရင်ကိုပဲ Chef တွေဟာ ဂုဏ်ယူမဆုံး ဖြစ်တတ်ကြပါတယ်။ ဒီလို Michelin Star ဆုရှင် ဖြစ်ဖို့ဆိုတာ လူငယ်တွေနဲ့ မဆိုင်တဲ့ အရာလို့တောင် ထင်စရာပါပဲ။ ဒါပေမယ့်လည်း ကမ္ဘာပေါ်မှာ အချက်အပြုတ် Michelin Star ဆုရှင်တွေထဲမှာ အသက်ငယ်ငယ်နဲ့ ဆွတ်ခူးနိုင်သူတွေလည်း ရှိနေကြပါတယ်။

(၁) Gordon Ramsay

Gordon Ramsay

Photo : Easter NY

မာစတာချက်ဖ်လောကမှာ ဂေါ်ဒွန်ရမ်ဆေးဆိုတဲ့ နာမည်ကို မသိသူရှိမှာ မဟုတ်ပါဘူး။ ဗြိတိန်လူမျိုး ဒေါ်လာသန်း၂၂၀ ခန့် ချမ်းသာတဲ့ ဒီစားဖိုမှူးကြီးဟာ အသက် ၃၁ နှစ်မှာ သူ့ဘဝရဲ့ ပထမဆုံး Michelin Star ရခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၆၆ ခုနှစ် နိုဝင်ဘာ ၈ ရက်ဖွား Gordon Ramsay ဟာ လက်ရှိမှာ Michelin Star ၇ ဆုရှင် ဖြစ်နေပါတယ်။ သူ့ရဲ့ Chef ဘဝ တစ်လျှောက် Michelian Stars ၁၆ ဆုအထိ ချီးမြှင့်ခံခဲ့ရပြီး နောက်ပိုင်းမှာ အများအပြား ဆုံးရှုံးခဲ့ရာကနေ အခုတော့ ၇ ဆုပဲ ကိုင်ထားနိုင်တယ်လို့ ဆိုပါတယ်။
Gordon Ramsay ရဲ့ Global Restaurant Group တစ်ခုဖြစ်တဲ့ Gordon Ramsay Restaurants ကို ၁၉၉၇ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကတည်းက Michelin Stars တွေ ရခဲ့တာပါ။ လန်ဒန်မှာ ရှိတဲ့ Restaurant Gordon Ramsay ဟာ ၂၀၀၁ ခုနှစ်ကတည်းက Michelin Star ၃ ဆု ရထားပြီး ဒီနေ့အထိလည်း လန်ဒန်ရဲ့ သက်တမ်းအရှည်ကြာဆုံး Michelin Star ၃ ဆုရ စားသောက်ဆိုင်အဖြစ် ရပ်တည်နေပါတယ်။
Gordon Ramsay ဟာ ပြင်သစ် ၊ အီတလီ နဲ့ ဗြိတိန်စတိုင် အစားအသောက်တွေ ချက်ပြုတ်ပါတယ်။ နောက်ပိုင်းမှာ သူ့ရဲ့ Cooking Show တွေ ဖြစ်တဲ့ Kitchen Nightmares နဲ့ Gordon Ramsay : Uncharted ဆိုရင်လည်း အချက်အပြုတ် ဝါသနာပါသူတွေအကြား မလွတ်တမ်း ကြည့်ကြတဲ့ Show တွေအဖြစ် ကမ္ဘာကျော်ပါတယ်။

(၂) Pierre Gagnaire

Pierre Gagnaire

Photo : michelin

ပြင်သစ်စားဖိုမှူး Pierre Gagnaire ဟာ အသက် ၂၆ နှစ်အရွယ်မှာ Michelin Star ရှင် ဖြစ်လာခဲ့ပါတယ်။ ပြင်သစ်စတိုင် အချက်အပြုတ်မှာ ဂုရုကြီး တစ်ဦးဖြစ်တဲ့ Pierre Gagnaire ကို ၁၉၅၀ ဧပြီလ ၉ ရက်နေ့မှာ မွေးခဲ့ပြီး လက်ရှိ သူ့ရဲ့ Michelin Star Rating က 3 Stars ပါ။ ပါရီမှာ Pierre Gagnaire စားသောက်ဆိုင်ကို ပိုင်သလို အဲ့ဒီဆိုင်မှာလည်း သူက စားဖိုမှူးအကြီးအကဲ Head Chef ဖြစ်ပါတယ်။ အသက် ၇၂ ရှိပြီ ဖြစ်တဲ့ ဒီစားဖိုမှူးကြီးကို ခေတ်သစ် ပြင်သစ်ဟင်းလျာဘက်မှာ အထူးကျွမ်းကျင်သူအဖြစ် သတ်မှတ်ထားကြပါတယ်။ ၂၀၀၉ ခုနှစ်မှာ Gagnaire ဟာ အမေရိကန်နိုင်ငံ Las Vegas မှာ ရှိတဲ့ Mandarin Oriental မှာ Twist By Perre Gagnaire နာမည်နဲ့ ဆိုင်ဖွင့်ခဲ့ပြီးနောက် Forbes ရဲ့ Fieve Star ဆု ချီးမြှင့်ခံခဲ့ရပါတယ်။

(၃) Marco Pierre White

marco pierre white

Photo : Easter

ဗြိတိန် စားဖိုမှူး Marco Pierre White ဟာ အသက် ၂၆ နှစ်အရွယ်မှာ Michelin Star ရခဲ့သူ ဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်ဖွား Marco Pierre White ဟာ လက်ရှိ Michelin Star ၅ ဆုရှင်လည်း ဖြစ်ပြီး ပြင်သစ် ၊ ဗြိတိန် နဲ့ အီတလီစတိုင် အစားအသောက်တွေ ချက်ပြုတ်ပါတယ်။ ၁၉၉၅ ခုနှစ် ဇန်နဝါရီမှာ Marco Pierre White ဟာ Micrhelin Stars ၃ ခု ချီးမြှင့်ခံရတဲ့ ပထမဆုံး နဲ့ အငယ်ဆုံး ဗြိတိန်စားဖိုမှူးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ကမ္ဘာကျော် စားဖိုမှူးလည်းဖြစ်သလို စားသောက်ဆိုင်ပိုင်ရှင်လည်း ဖြစ်တဲ့ Marco Pierre White ဟာ TV ဖန်သားပြင်ပေါ်မှာလည်း ကမ္ဘာကျော်ပါတယ်။ Marco Pierre White ဟာ ကမ္ဘာကျော် စားဖိုမှူးတွေ ဖြစ်တဲ့ Mario Batali ၊ Heston Blumenthal ၊ Shannon Bennett ၊ Gordon Ramsay နဲ့ Curtis Stone တို့လို Chef တွေကို လေ့ကျင့်သင်ကြားပေးခဲ့သူလည်း ဖြစ်ပါတယ်။

(၄) Martin Berasategui

martin berasategui

Photo : Marca

၁၉၆၀ ပြည့်နှစ် ဧပြီ ၂၇ ရက်ဖွား Martin Berasategui ဟာ စပိန်စတိုင်အစားအသောက်တွေ ချက်ပြုတ်တဲ့ Chef Master တစ်ဦးပါ။ အသက် ၂၅ နှစ်အရွယ်မှာ ပထမဆုံး Michelin Star ဆု ရခဲ့ပါတယ်။ လက်ရှိ Michelin Star ၃ ဆု ရှင်လည်း ဖြစ်ပါတယ်။ စပိန်နိုင်ငံ Lasarte-Oria ဆိုင်ပိုင်ရှင်လည်း ဖြစ်ပြီး ကမ္ဘာတလွှားမှာ အနည်းဆုံး ကြယ်တစ်ပွင့်ရ စားသောက်ဆိုင် ၁၀ ဆိုင်လည်း ပိုင်ထားပါတယ်။ သူ့ကို François Rabelais University က ၂၀၁၃ ခုနှစ်မှာ အချက်အပြုတ်ပိုင်းဆိုင်ရာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။

(၅) Aiden Byrne

Aiden Byrne

Photo : northernsoul

အင်္ဂလိပ်စားဖိုမှူး Aiden Byrne ဟာ အသက် ၂၂ နှစ်အရွယ်မှာ Michelin Star ဆုရှင် ဖြစ်ခဲ့ပါတယ်။ ၁၉၇၂ ဖွား Aiden Byrne ဟာ ဗြိတိန်မှာ အီတလီအငွေ့အသက်ပါတဲ့ အချက်အပြုတ်စတိုင်တွေ ချက်ပါတယ်။

Featured Photo : The Times