အိမ်တွင်းအလှဆင်နဲ့ လက်မှုအနုပညာ ဖန်တီးမှုတွေကို စိတ်ဝင်စားတဲ့ ကွီးတို့အတွက် ခေတ်မှီဆန်းသစ်ပြီး ချစ်စရာကောင်းတဲ့ Mini ရွံ့စေးပန်းအိုးလေးတစ်လုံး ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်နိုင်မယ့် DIY နည်းလမ်းလေး မျှဝေပေးချင်ပါတယ်။ အသေးစား အိမ်တွင်းအပင်လေးတွေ စိုက်လို့ရမယ့် ချစ်စရာကောင်းတဲ့ Mini DIY ရွံ့စေး ပန်းအိုး လေးကို ကွီးတို့ကိုယ်တိုင် ဖန်တီးကြည့်ရအောင်ပါ။

Photo : A Pretty Fix

Mini ရွံ့စေးပန်းအိုးပြုလုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းများ

  • ရွံ့စေး
  • ဒလှိမ့်တုံး
  • ဖယောင်းစက္ကူ
  • ပလတ်စတစ်ဓား ၁ ချောင်း
  • ခဲတံနဲ့ ပေတံ
  • ပုလင်း ၁ လုံး
  • ရေဇလုံ ခပ်သေးသေး ၁ လုံး
  • သုတ်ဆေး (အနက်ရောင်)
  • ချုပ်အပ် ၁ ချောင်း
  • ဆေးသုတ်စုတ်တံ (ပန်းချီစုတ်တံ) ၁ ချောင်း
  • ဝါးတူ သို့မဟုတ် တုတ်ချောင်း ၂ ချောင်း
  • တိတ်
  • အောက်ခံသစ်သားပြား

ပြုလုပ်နည်းအဆင့်ဆင့်

Photo : A Pretty Fix

အဆင့်(၁) အရင်ဆုံး အရှည် ၁၂ လက်မဝန်းကျင်ရှိတဲ့ ဝါးတူ သို့မဟုတ် တုတ်ချောင်း ၂ ချောင်းကို အလည်က ၄ လက်ခ ခန့် ခြားပြီး အောက်ခံသစ်သားပြားပေါ်မှာ တိတ်နဲ့ ကပ်ပေးရပါမယ်။ ဝါးတူ နှစ်ချောင်းရဲ့ အလည်မှာ ပန်းအိုးပြုလုပ်မယ့် ရွံ့စေးကိုထည့်ပြီး အပေါ်က ဒလှိမ့်တုံးနဲ့ လှိမ့်ပေးပါ။ ရွံ့ဈေးရဲ့ အထူကို လက်မဝက်ထက် ပိုမထူသွားစေဖို့ ဂရုစိုက်ရပါမယ်။ ပြီးတဲ့အခါ ရွံ့စေးရဲ့ ဘေးနှုတ်ခမ်းသားတွေကို ညီညီညာညာလေး ဖြစ်သွားစေဖို့ ပလတ်စတစ်ဓားနဲ့ လှီးဖြတ်လိုက်ပါ။ ဒါဆိုရင်တော့ ပထမအဆင့် ပြီးပါပြီ။

Photo : A Pretty Fix

အဆင့် (၂) နောက်တဆင့်ကတော့ လေးထောင့်စပ်စပ် လှီးဖြတ်ထားတဲ့ ရွံ့စေးပြားကို နှစ်သက်ရာပုလင်း သို့မဟုတ် ဗူးတစ်ခုမှာ အဝိုင်းလိုက် ပတ်ပြီးကပ်ပေးပါ။ ရွံ့စေးပြားရဲ့အစွန်း ၂ ဖက်ကို ဆက်ဖို့အတွက် လက်ကို ရေအနည်းငယ်စွတ်ပြီး အစွန်း ၂ ဖက်ကို ဆက်ရာလက်နဲ့ ဖိဆက်ပေးရပါမယ်။ ပလတ်စတစ်ဓားကို အသုံးပြုပြီးလည်း အစွန်း ၂ ဖက်ကို ဆက်ပေးနိုင်ပါတယ်။

Photo : A Pretty Fix

ရွံ့စေးပြားရဲ့အစွန်း ၂ ဖက် ဆက်သွားပြီဆိုရင် ခဲတံ သို့မဟုတ် ခဲဖျက်ကို အသုံးပြုပြီး ပန်းအိုးရဲ့ အပြင်ဘက်နံရံကို ဒီဇိုင်းဖော်ပေးရပါမယ်။ ညီညီညာညာနဲ့ ကြည့်ကောင်းတဲ့ လိုင်းအစင်းလေးတွေ ဖြစ်အောင် ဒီဇိုင်းဖော်ပေးလိုက်ပါ။ ပြီးတဲ့နောက်မှာ ရွံ့စေးသား အနည်းငယ်မာကျောစေဖို့ တစ်နာရီခန့် ထားလိုက်ပါ။ ဒါဆိုရင် နောက်တဆင့်မှာ ပန်းအိုး ရဲ့ ဘေးနှစ်ဖက်ကို ကိုင်တွယ်ရာမှာ ပိုမိုလွယ်ကူစေမှာ ဖြစ်ပါတယ်။ ရွံ့စေးသားခြောက်သွားတဲ့အခါမှာတော့ ရွံ့စေး ပတ်ထားတဲ့ ပုလင်းကို ညင်သာစွာ တွန်းလှိမ့်ပြီး ပုလင်းကို ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။

Photo : A Pretty Fix

အဆင့် (၃) ဒီအဆင့်ကတော့ ပန်းအိုးရဲ့ အောက်ခြေအပိတ်အတွက် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ အရင်ဆုံး ရွံ့စေးပြားကို လက်မဝက်အထူရှိတဲ့ အဝိုင်းပုံစံရအောင် ဒလှိမ့်တုံးနဲ့ ဖိပေးပါ။ ပြီးတဲ့အခါ ပန်းအိုးရဲ့ အောက်ခြေ အဝအကျယ်နဲ့ အညီတိုင်းပြီး ပိုနေတဲ့ ဘေးသားရွံ့စေးတွေကို လှီးဖြတ်လိုက်ပါ။ ပြီးတဲ့အခါ ရွံ့စေး ကို ကပ်အားကောင်းစေဖို့ ရေအနည်းငယ်စွတ်ပြီး အခြောက်ခံထားတဲ့ ပန်းအိုးကိုယ်ထည်နဲ့ ဆက်ပေးပါမယ်။

Photo : A Pretty Fix

ပန်းအိုးရဲ့ အောက်ခြေအနားသတ်တွေကို ညီညီညာညာ ဖြစ်အောင် လက်နဲ့လိုက်ညှိပေးပါ။ ပန်းအိုးရဲ့ အတွင်းဘက်ကိုလည်း ညီညီညာညာ ရှိစေဖို့ ရေစွတ်ထားတဲ့ ရွံ့စေး အနည်းငယ်နဲ့ လိုက်ညှိပေးရပါမယ်။ ပန်းအိုး အတွင်းဘက်က လက်နဲ့ညှိလို့မလွယ်ပါက ပလတ်စတစ်ဓားကို အသုံးပြုပြီး ညှိနိုင်ပါတယ်။ ပြီးတဲ့အခါမှာတော့ ရွံ့စေးတွေခြောက်သွားတဲ့အထိ နာရီအနည်းငယ် အခြောက်ခံထားလိုက်ပါ။

Photo : A Pretty Fix

အဆင့် (၄) ဆေးသုတ်အလှဆင်တဲ့ အဆင့်ကို ရောက်ပါပြီ။ ပန်းချီဆွဲတဲ့နေရာမှာသုံးတဲ့ သုတ်ဆေးကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ပန်းချီစုတ်တံ ပွိုင့်အသေး သို့မဟုတ် ချုပ်အပ်ကို ပန်းချီဆေးအနက်ရောင်ထဲမှာ နစ်ပြီး ပန်းအိုး ရဲ့ အပြင်ဘက်နံရံပေါ်မှာ အစက်အပြောက်လေးတွေဖြစ်အောင် တစ်စက်ချင်း စိတ်ရှည်ရှည် လိုက်တို့ပေးရပါမယ်။

Photo : A Pretty Fix

အစက်အပြောက်တွေရဲ့ အရွယ်အစားကို လိုသလို အကြီးအသေး စိတ်ကြိုက် သုတ်လိမ်းနိုင်ပါတယ်။ ပြီးတဲ့နောက်မှာ ဆေးခြောက်တဲ့အထိ နာရီဝက်လောက် ထားလိုက်ပါ။ ဆေးခြောက်ပြီဆိုပါက စုတ်တံအသစ်တစ်ခုနဲ့ ပန်းအိုး တစ်ခုလုံးကို အပေါ်ကနေ အရောင်တင်ဆီ(ကြွေရောင်) တစ်ထပ် ထပ်သုတ်ပေးရပါမယ်။ အရောင်တင်ဆီသုတ်ပြီးချိန်မှာလည်း ခြောက်အောင်ထပ်ထားလိုက်ပါ။

Photo : A Pretty Fix

ဒါဆိုရင်တော့ ချစ်စရာကောင်းတဲ့ Modern DIY Mini ရွံ့စေး ပန်းအိုး လေးရပြီ ဖြစ်ပါတယ်။ Mini ရွံ့စေးပန်း အိုးလေးမှာ နှစ်သက်ရာ အိမ်တွင်းအပင်လေးတွေ စိုက်ပြီး အလုပ်စားပွဲ ဒါမှမဟုတ် ဧည့်ခန်းလိုနေရာမှာ အလှပန်းအိုးလေးအဖြစ် ထားလို့ရပါတယ်။

Featured Photo : Pinterest