ကျန်းမာကြံ့ခိုင်စေဖို့ လေ့ကျင့်ခန်း လုပ်တယ်ဆိုတာ အားလုံးလက်ခံထားတဲ့ အမှန်တရားတစ်ခုပါပဲ။ လေ့ကျင့်ခန်းတွေထဲမှာ အဆီပိုတွေလောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းတွေရှိသလို ကြွက်သားတောင့်တင်းသန်မာဖို့ ပစ်မှတ်ထားတဲ့ လေ့ကျင့်ခန်းတွေ လည်းရှိပါတယ်။ များသော အားဖြင့် လူတွေမှားယွင်းနေတဲ့ အချက်တစ်ခုက လေ့ကျင့်ခန်းဆိုတာ အပြင်းအထန်လုပ်နိုင်မှ ရည်မှန်ထားတဲ့ Body Goals ကိုရမယ်လို့ ထင်နေကြတာပါ။

ဒါဟာကစားသူရဲ့ ကြံ့ခိုင်မှု ရည်မှန်းချက်အပေါ်မူတည်ပြီး ကွဲပြားနိုင်ပေမယ့် ယေဘုယျအားဖြင့်တော့  နာရီပေါင်းများစွာ လေ့ကျင့်ခန်းလုပ်မှမဟုတ်ပဲ ထိရောက်မှုရှိတဲ့ လေ့ကျင့်ခန်းနဲ့လည်း စမတ်ကျကျ ဘော်ဒီတည်ဆောက်နိုင်လို့ရမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကျွမ်းကျင်သူတွေပြောပြထားတဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု မြန်စေမယ့် အထိရောက်ဆုံး လေ့ကျင့် ခန်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) လမ်းလျှောက်ခြင်း

Walking

Photo : Fitgenic

မည်သည့်ကိရိယာမှမလိုအပ်ပဲ Walking Shoes ကောင်းကောင်းတစ်ရံရှိရုံနဲ့ အချိန်နေရာမရွေးလုပ်နိုင်မယ့် လေ့ကျင့်ခန်းကတော့ လမ်းလျှောက်တာပါပဲ။ လမ်းလျှောက်ခြင်းဟာ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး ပေါင်နဲ့ ခြေသလုံးကြွက်သားများ ကြံ့ခိုင်သန်မာစေဖို့အတွက် ထိရောက်မှုအရှိဆုံး ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး တစ်နာရီလောက် လမ်းမြန်မြန်လျှောက်ရုံနဲ့ ကယ်လိုရီ ၅၀၀ အထိ လောင်ကျွမ်းစေတာကြောင့်အဆီပိုကင်းပြီး ကြံ့ခိုင်ကျစ်လစ်တဲ့ ဘော်ဒီကို ရရှိစေမယ့် အကောင်းဆုံး လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။

(၂) Squats

 Squats
Photo : Popular Science

ထိရောက်မှုအရှိဆုံး ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေအကြောင်း ပြောမယ်ဆိုရင်တော့ Squats ထိုင်ခြင်းက မပါမဖြစ်ပါပဲ။ လမ်းလျှောက်ခြင်းနဲ့အလားတူ မည်သည့်ကိရိယာမှမလိုပဲ Gym ရုံသွားဖို့မလိုပဲ အိမ်မှာတင် လွယ်လွယ်ကူကူပြုလုပ်နိုင်မယ့် ထိုင်ထလေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဝမ်းဗိုက်ကြွက်သား ၊ ခြေသလုံး၊ တံကောက်ကြောနဲ့ ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားတွေကို အဓိက ကြံ့ခိုင်သန်မာစေမယ့် လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

(၃) Lunges

Lunges
Photo : Crello

Lunges လေ့ကျင့်ခန်းဟာဆိုရင်လည်း Squats ထိုင်ခြင်းကဲ့သလို့ ထိုင်ထလေ့ကျင့်ခန်း တစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် ခန္ဓာကိုယ်အောက်ပိုင်းကြွက်သားတွေကို ကြံ့ခိုင်သန်မာ စမယ့် အထိရောက်ဆုံးလေ့ကျင့်ခန်း ဖြစ်ပါတယ်။ ပေါင်းတွင်းကြွက်သားများ၊ တင်ပါးနဲ့ခြေသလုံးတဝိုက်ကကြွက်သားတွေ ကြံ့ခိုင်သန်စေတဲ့အပြင် ခန္ဓာကိုယ် ကိုယ်ဟန်အနေအထားမှန်ကန်စေဖို့ လည်းများစွာ အထောက်အကူ ဖြစ်စေပါတယ်။ ဒူးနာ၊ ခါးနာခြင်းတွေကိုလည်း သက်သာစေပြီး အဆီပိုလောင်ကျွမ်းကာ ကျစ်လျစ်ကြံ့ခိုင်တဲ့ ဘော်ဒီကို ရရှိစေဖို့ ကူညီပေးနိုင်ပါတယ်။

(၄) Push-ups

Push-ups
Photo : Man’s World India

Push-ups ဆိုတာ ယောကျာ်းလေးတွေအားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဒိုက်ထိုးလေ့ကျင့်ခန်းတစ်ခုပါ။ Push-ups ဟာလည်း အပေါ်မှာပြောခဲ့တဲ့ လေ့ကျင့်ခန်းတွေကဲ့သို့ ကိရိယာလွတ်ကစားနိုင်မယ့် လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ဝမ်းဗိုက်ကြွက်သား ၊ လက်မောင်းနဲ့ ရင်အုပ်ကြွက်သားတွေကို အဓိက ကြံ့ခိုင်သန်မာစေမှာဖြစ်ပါတယ်။ ရင်အုပ်မောက်မောက် ဗလတောင့်တောင့်နဲ့ ကြံ့ခိုင်သန်မာတဲ့ ဘော်ဒီအချိုးအစားကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ Push-ups လေ့ကျင့်ခန်း ပြုလုပ်ဖို့ အကြံပြုလိုပါတယ်။