ကျန်းမာရွှင်လန်းဖို့ဆိုတာ အရေးတကာ့ အရေးထဲမှာ အရေးအကြီးဆုံးလို့တောင် ဆိုနိုင်ပါတယ်။ ကိုယ်ရောစိတ်ပါ ကျန်းမာနေမှ ကျန်တဲ့ အောင်မြင်မှု ၊ လူမှုဆက်ဆံရေး ၊ အတတ်ပညာနဲ့ အများအကျိုးတွေ ဆောင်ကြဉ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီနှစ်ကို ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းသွားချင်သူတွေ လုပ်ပေးသင့်တဲ့ ရိုးရှင်းတဲ့ အပြောင်းအလဲလေးတချို့ကို ထုတ်နှုတ်တင်ပြလိုက်ပါတယ်။

(၁) ကိုယ့်ထမင်းကိုဲယ်ချက်စားပါ

Photo: Freepik

ကျန်းမာချင်ရင် အိမ်ချက် ထမင်းဟင်းလျာတွေ စားပါလို့ တိုက်တွန်းချင်ပါတယ်။ လတ်ဆတ်တဲ့ အသီးအနှံနဲ့ သားငါးတွေ ဝယ်ယူပြီး ကိုယ့်ဘာသာ ချက်စားတာဟာ ပျော်စရာလည်း ကောင်းသလို ကျန်းမာရေးအတွက်လည်း အကျိုးရှိလို့ ဖြစ်ပါတယ်။ အချက်အပြုတ် မကျွမ်းသေးရင်တော့ YouTube မှာဖြစ်ဖြစ် တခြား Social Network တွေကနေ ဖြစ်ဖြစ် ချက်နည်းပြုတ်နည်း လေ့လာပြီး ကိုယ့်ဘာသာ ချက်စားကြည့်လိုက်ပါ။

(၂) လှေကားတက်ပါ

Photo: Freepik

သက်တောင့်သက်သာရှိလာတဲ့ ခေတ်သစ်လူမှုဘဝပုံစံထဲမှာ ကိုယ်လက်လှုပ်ရှားမှု နည်းအောင် လုပ်ထားတဲ့ အရာတွေကြောင့် ကျန်းမာရေးပိုထိခိုက်လာကြပါတယ်။ ဓါတ်လှေကားတွေ ပေါ်လာတော့ ရိုးရိုး လှေကားထစ်တွေသုံးပြီး မတက်ဖြစ်တော့ပါဘူး။ တကယ်တော့ လှေကားထစ်တွေပေါ် နေ့စဉ်အတက်အဆင်းလုပ်ရုံနဲ့ ပုံမှန်ကယ်လိုရီကျဆင်းပြီး ကျန်းမာဖျတ်လတ်လာနိုင်ပါတယ်။
မနက်တိုင်း အကြောလျှော့တာ ၊ လမ်းလျှောက်တာမျိုးလည်း လုပ်ပါ။ Gym သွားပြီး အားကစားမလုပ်နိုင်ရင်တောင် ပုံမှန် ကျန်းမာရေး ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်နေရုံနဲ့ ဒီနှစ်ထဲမှာ ကျန်းကျန်းမာမာ နေနိုင်ဖို့ အအလားအလာ ပိုများမှာ ဖြစ်ပါတယ်။

(၃) မှတ်တမ်းရေးပါ

Photo: Freepik

ဒိုင်ယာရီရေးတယ်ဆိုတာ အမှတ်တရတွေ နဲ့ ဖြစ်စဉ်တွေ ကို မှတ်တမ်းတင်ဖို့လောက်တင် မဟုတ်ပါဘူး။ နေ့စဉ်မှတ်တမ်းရေးတဲ့အကျင့်ဟာ စိတ်ရဲ့ စုစည်းမှု ၊ အေးချမ်း ပျော်ရွှင်မှုတွေကိုပါ ပေးနိုင်စွမ်းရှိပါတယ်။ စာရေးတဲ့ အကျင့်မွေးထားတာကြောင့် တဖြည်းဖြည်းနဲ့ အရေးအသား တိုးတက်လာပြီး စိတ်ကူးဉာဏ်လည်း ပိုထက်သန်လာနိုင်ပါတယ်။

(၄) အသက်ရှုမှု သတိပြုပါ

Photo: Freepik

တစ်ရက်တာလုံးမှာ ကျွန်တော်တို့တတွေ အလုပ်များလွန်းလို့ အသက်တောင် ရှုမိရဲ့လား မသိနိုင် ဖြစ်တတ်ကြပါတယ်။ကိုယ်ရှုနေတဲ့ လေကရော လတ်ဆတ် သန့်ရှင်းရဲ့လား။ ကိုယ်ကိုယ်တိုင်ရော အဆုတ်ထဲ အောက်ဆီဂျင်ပြည့်ပြည့်ဝဝ ရောက်အောင် ရှုရှိုက်မိသလားပြန်စဉ်းစားကြည့်ပါ။ အသက်ရှုမှု စနစ်ကျခြင်းနဲ့ ကျန်းမာသန့်ရှင်းတဲ့ လေရှုဖြစ်ခြင်းက ကိုယ်ရောစိတ်ပါ ကျန်းမာရွှင်လန်းစေတဲ့ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။

(၅) အနားယူချိန် ပြည့်ပြည့်ဝဝ ပေးပါ

Photo: Freepik

အခုနောက်ပိုင်းမှာ လူအတော်များများဟာ ကောင်းကောင်း အနားမရနိုင်တဲ့ ပြဿနာနဲ့ ကြုံနေကြပါတယ်။ လူမှုဘဝ စိတ်ဖိစီးမှုတွေ များလို့လည်း ဖြစ်နိုင်ပါတယ်။ စမတ်ဖုန်း Screen တွေ အကြည့်များပြီး ညဘက်အိပ်ချိန် နောက်ကျသွားတာမျိုးလည်း ရှိကြပါတယ်။ အိပ်ရေးပျက်ရင် အနားယူချိန် နည်းလာရင် ရေရှည်မှာ ဆီးချိုသွေးချို ၊ သွေးတိုးနဲ့ နှလုံးရောဂါအပြင် စိတ်ခံစားချက်မှု နိမ့်ကျလာတာ ၊ စိတ်ရှုပ်ထွေးပြီး အာရုံစိုက်ရ ခက်ခဲတာမျိုးလည်း ရှိလာကြပါတယ်။ ဒါကြောင့် ကောင်းကောင်းအနားယူပါ။ ဖုန်းသုံးတာ ၊ ဂိမ်းကစားတာ လျှော့ချပါ။