ပြီးခဲ့တဲ့နှစ်အတွင်း ဈေးကွက်ထဲက စမတ်ဖုန်းတွေနဲ့ လုံးလုံးကွဲထွက်နေတဲ့ ဖောက်ထွင်းမြင်ရတဲ့ ကျောဘက် Transparent ဒီဇိုင်းနဲ့ Nothing Phone (1) ဖုန်းဟာ တော်တော်လေးကို လူစိတ်ဝင်စားမှု ရခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အမှန်တကယ် ထွက်လာချိန်မှာတော့ ကံမကောင်းစွာနဲ့ပဲ Nothing Phone (1) ဖုန်းဟာ Display ပိုင်း ၊ Software ပိုင်းတွေ အပါအဝင် User တွေအတွက် အဆင်မပြေမှု ပြဿနာပေါင်း သောင်းခြောက်ထောင်ကြုံတွေ့ခဲ့ရပြီး မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ဘူးလို့ ဆိုရမှာပါပဲ။ အခုလက်ရှိမှာတော့ Nothing ကုမ္ပဏီအနေနဲ့ ဒုတိယမြောက်မျိုးဆက် Nothing Phone (2) ကို ထပ်မံမိတ်ဆက်လာခဲ့ပြန်ပါတယ်။

Nothing Phone (2)

Photo : GSMArena.com

Nothing Phone (2) ဖုန်းကို လာမယ့်ဇူလိုင်လထဲမှာ ကြေညာသွားဖို့ရှိတယ်လို့ Nothing ကုမ္ပဏီရဲ့ CEO ဖြစ်သူ Carl Pei က ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ Nothing Phone (2) နဲ့ ပတ်သတ်တဲ့ အချက်အလက်အချို့ကို Forbes နဲ့ အင်တာဗျူးတစ်ခုမှာ CEO Carl Pei က ထုတ်ဖော်ပြောကြားခဲ့တာပါ။ Nothing Phone (2) ဖုန်းမှာ Snapdragon 8+ Gen 1 SoC ကို မောင်းနှင်ထားမယ်လို့ Carl Pei က အတည်ပြုပေးခဲ့ပြီး ဒီဖုန်းဟာ ရှေ့မျိုးဆက် Mid-Range ဖုန်း Nothing Phone (1) ထက် သာလွန်တဲ့ခြေလှမ်းတစ်ခု ဖြစ်လာမယ်ဆိုပေမယ့်လို့ Snapdragon 8 Gen 2 သုံးထားတဲ့ ၂၀၂၃ ခုနှစ်အတွင်းက Flagships ဖုန်းတွေနဲ့တော့ စွမ်းဆောင်ပိုင်းမှာ ယှဉ်နိုင်ဦးမှာ မဟုတ်ပါဘူး။

Nothing အနေနဲ့ အဓိအားဖြင့် SoC နှစ်ခုရဲ့ ကုန်ကျစရိတ်ကွာဟချက် ဆက်စပ်ပြီး Nothing Phone (2) ဖုန်းမှာ နောက်ဆုံးထွက် Chipset ကို အသုံးမပြုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ Nothing Phone (2) ဖုန်းဟာ လူတိုင်းနီးပါး စိတ်ဝင်စားလောက်မယ့် ဈေးနှုန်းမျိုးနဲ့ ထွက်လာမယ်လို့ ယူဆရပြီး တခြား Flagship ဖုန်းတွေထက်စာရင် သိသိသာသာ ဈေးသက်သာနေတာကို တွေ့ရပါလိမ့်မယ်။

Nothing Phone (2)

Photo : Gizchina.com

Nothing အနေနဲ့ အခု မေလအစမှာ အထက်မှာမြင်ရတဲ့ Nothing Phone (2) ရဲ့ Teaser ပုံတွေကို ထုတ်ဖော်ပြသခဲ့ပြီး OnePlus/Nothing တို့ရဲ့ ထုံးစံအတိုင်း တရားဝင်မိတ်ဆက်ပွဲမတိုင် ဖုန်းနဲ့ပတ်သတ်တဲ့ အသေးစိတ် အချက်အလက်တွေကို အပတ်စဉ် ဝေမျှပေးလာဖို့ ရှိပါတယ်။

ထွက်ပေါ်လာတဲ့ သတင်းစကားတွေအရတော့ Nothing Phone (2) ဖုန်းမှာ 4,700 mAh ဘက်ထရီ ပါဝင်လာမယ်လို့ သိရပါပြီး Nothing Phone (1) ထက် 200 mAh ပိုများနေမှာဖြစ်ပေမယ့်လည်း 5,000 mAh ဘက်ထရီကို အသုံးပြုနေတဲ့ ယနေ့ခေတ် စမတ်ဖုန်းတွေရဲ့ စံနှုန်းကိုတော့ မမှီသေးဘူးလို့ ပြောရမှာပါ။ ဆက်လက်ပြီး Nothing Phone (2) ဖုန်းနဲ့ ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ စောင့်ကြည့်ရဦးမှာပါပဲ။

Featured Photo : GSMArena.com