ဒီတစ်ခေါက်မှာတော့ Personal Trainer နဲ့ စနစ်တကျ Gym ကစားမယ်လို့ ဆုံးဖြတ်ထားတဲ့ ကွီးတို့အတွက် အသုံးဝင်စေမယ့် အကြံဉာဏ်ကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ကွီးတို့ ရည်မှန်းထားတဲ့ Body Goals ရောက်ဖို့ စနစ်တကျနဲ့ နည်းမှန်လမ်းမှန် လမ်းညွှန်ပြသပေးနိုင်မယ့် PT ကောင်းတစ်ယောက်ရအောင် အခုပြောပြမယ့် နည်းလမ်းလေးတွေနဲ့ ရှာပုံတော် ဖွင့်နိုင်ပါတယ်။

(၁) ကွီးတို့အကြိုက်ဆုံး Gym မှာ စုံစမ်းပါ

Photo : MyFitnessPal Blog

Personal Trainer တွေကို ရှာဖွေဖို့အတွက် အလွယ်ဆုံးနဲ့ အခြေခံအကျဆုံး အချက်ကတော့ ကိုယ်ဆော့ချင်တဲ့ Gym မှာ စုံစမ်းဖို့ပါပဲ။ PT နဲ့ တိုင်ပင်တဲ့အခါ ကိုယ်လိုချင်တဲ့ Body Goals ကို သေချာပြောပြပြီး သူဘက်က ဘာတွေလမ်းညွှန်ချက် ပေးနိုင်မလဲဆိုတာ သေချာစုံစမ်းမေးမြန်းပါ။ တစ်ပတ်ဘယ်နှစ်ရက် ၊ တစ်ရက်အချိန်ဘယ်လောက် ကစားရမလဲ စသည်ဖြင့်ပေါ့။ နောက်ပြီး PT ရဲ့ ကျွမ်းကျင်မှုနဲ့ အရည်အချင်းကို သိရဖို့ သူရဲ့အသိမှတ်ပြုလက်မှတ်တွေကို Gym ရဲ့ Reception မှာ တောင်းကြည့်ပါ။ PT ရဲ့ အားကစားဆိုင်ရာ ကျွမ်းကျင်မှုပိုင်းကိုလည်း သေချာစုံစမ်းလေ့လာဖို့ လိုပါတယ်။

(၂) ဆိုရှယ်မီဒီယာပေါ်ကနေ လေ့လာပါ

Photo : ONI | Wellington Personal Training Studio

Personal Trainer တွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း ရှာနိုင်ပါတယ်။ တချို့ PT တွေဆိုရင် သူ့တို့ရဲ့ Fitness ဆိုင်ရာ ဖြတ်သန်းမှုပုံရိပ်တွေ ၊ သူတို့ လေ့ကျင့်သင်ကြားပေးခဲ့တဲ့ သင်တန်းသားတွေရဲ့ မှတ်တမ်းတွေကို ဆိုရှယ်မီဒီယာပေါ်ကနေ မျှဝေလေ့ရှိပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ ကိုယ်စိတ်ဝင်စားတဲ့ PT ရဲ့ ပရိုဖိုင်ကို သေချာလေ့လာပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။ အကြံပေးရမယ်ဆိုရင်တော့ သူတို့နဲ့ လေ့ကျင့်ဖူးတဲ့ သင်တန်းသားတွေရဲ့ Feedback တွေကို နားထောင်ပါ။ အားကစားဆိုင်ရာ Group တွေ ၊ အဖွဲ့အစည်းတွေကနေလည်း အကြံဉာဏ် တောင်းခံလို့ရပါတယ်။

(၃) PT ရဲ့အရည်အချင်းကို သိအောင်လုပ်ပါ

Photo : Eat This, Not That

ကွီးတို့ ငှားမယ့် PT မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းကောင်းတွေ ပြည့်စုံရဲ့လားဆိုတာ သေချာသိဖို့ လိုပါတယ်။ သူဟာ Fitness ကို ဘယ်လောက်အထိ Passion ဖြစ်လဲ ၊ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ကောင်းမွန်ရဲ့လား ၊ နည်းစနစ်ကောင်းကောင်းနဲ့ မှန်မှန်ကန်ကန် လမ်းညွှန်ပြသနိုင်ဖို့ Critical Thinking ရှိရဲ့လား ၊ ကိုယ့် Client အပေါ် ဂရုစိုက်မှုနဲ့ အပြန်အလှန်လေးစားမှု ရှိသူလား စသည်ဖြင့် ဒီမေးခွန်းတွေနဲ့ ဆက်စပ်သုံးသပ်ပြီး အရည်အချင်း ပြည့်ဝတဲ့ Personal Trainer ကောင်းတစ်ယောက် ဟုတ်မဟုတ်ဆိုတာကို လေ့လာသုံးသပ် ဖို့လိုပါတယ်။

(၄) စမ်းသပ်လေ့ကျင့်ကြည့်ပါ

Photo : Embody Fitness

ကွီးတို့ ရွေးချယ်လိုက်တဲ့ PT ဟာ Personal Trainerကောင်းတစ်ယောက် ဟုတ်/မဟုတ်ကို သိနိုင်ဖို့ အချိန်အနည်းငယ်လောက်ပေးပြီး စမ်းသပ်လေ့ကျင့်ကြည့်ပါ။ ဥပမာ ၁ လအတွင်းမှာ ကွီးတို့လိုချင်တဲ့ အရည်အချင်းတွေနဲ့ကိုက်ညီသူ ဟုတ်/မဟုတ် ၊ ရေရှည်လက်တွဲကစားလို့ရနိုင်/မရနိုင်ကို ဆုံးဖြတ်ပြီး အကယ်၍ ကွီးတို့ လိုချင်တဲ့ ပုံစံနဲ့မကိုက်ညီပါက နောက်ထပ် PT တစ်ယောက်ကို ပြောင်းလဲ ငှားရမ်းဖို့ အကြံပေးချင်ပါတယ်။

ကွီးတို့ရော PT ငှားရင် ဘယ်အချက်တွေကို ကြည့်ဖြစ်ပါသလဲ???

Featured Photo : Men’s Journal