၁၉၅၄ ခုနှစ်မှာ စတင်ပေါ်ပေါက်လာတဲ့ Pina Colada ကော့လ်တေးဟာ ကွီးတို့ ပြည်တွင်း၊ ပြည်ပ ဘားတွေရောက်ရင် မြည်းစမ်းကြည့်သင့်တဲ့ ဂန္တဝင် ကော့လ်တေး များထဲက တစ်ခုပါ။ ဒီကော့လ်တေးဟာ အဖြူရောင်ရမ် အဓိကပါဝင်ပြီး ချိုမြိန် လန်းဆန်းတဲ့ ပြီးပြည့်စုံတဲ့ အရသာကို ပေးစွမ်းနိုင်ပါတယ်။ နေရောင်ပြင်းတဲ့ နေ့လည်ခင်းမှာပဲ ဖြစ်ဖြစ်၊ အားလပ်ရက်မှာပဲဖြစ်ဖြစ် အိမ်မှာ ဖျော်စပ်သောက်သုံးဖို့ ရွေးချယ်သင့်တဲ့ ကော့လ်တေး တစ်ခွက်ပဲ ဖြစ်ပါတယ်။ ကွီးတို့ ကိုယ်တိုင် ဖျော်စပ်နိုင်ဖို့ Pina Colada ကော့လ်တေး ဖျော်စပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

Pina Colada ကော့လ်တေး

Photo : Amada’s Cookin’

Pina Colada ကော့လ်တေး တစ်ခွက် ဖျော်စပ်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကတော့
(၁) အဖြူရောင်ရမ် ၂ အောင်စ (ကွီးတို့ ကြိုက်နှစ်သက်တဲ့ ရမ် အမျိုးအစားကို သုံးနိုင်ပါတယ်)
(၂) အုန်းသီးခရင်မ် ၁ ၁/၂ အောင်စ
(၃) နာနတ်သီးဖျော်ရည် ၁ ၁/၂ အောင်စ
(၄) လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုရာသီး ၁/၂ အောင်စ
(၅) ရေခဲများ
(၆) အလှဆင်ရန်အတွက် နာနတ်သီး စိပ်လေးများ လိုအပ်ပါတယ်။
ပါဝင်ပစ္စည်းတွေ ပြင်ဆင်ပြီးဆိုရင်တော့ ကော့လ်တေး ဖျော်စပ်ဖို့ အဆင်သင့် ဖြစ်ပါပြီ။ ဖျော်စပ်ပုံကတော့

Pina Colada ကော့လ်တေး

Photo : Amada’s Cookin’

(၁) ပထမဦးစွာ အဖြူရောင်ရမ်၊ အုန်းသီးခရင်မ် နှင့် နာနတ်သီးဖျော်ရည်တို့ကို ကော့လ်တေး Shaker ထဲကို ထည့်ပြီး စက္ကန့် ၂၀ မှ ၃၀ အထိ ပြင်းပြင်းထန်ထန် လှုပ်ပေးပါ။
(၂) ထို့နောက် ရေခဲထည့်ထားသော ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပါ။

cocktail

Photo : Amada’s Cookin’

(၃) ပြီးလျှင် အဆင့်သင့်ပြင်ထားသော နာနတ်သီး စိတ်လေးများနဲ့ အလှဆင်လိုက်ပါ။ ဒါဆိုရင်တော့ လန်းဆန်းပြီး ချိုမြိန်တဲ့ အရသာပေးစွမ်းနိုင်တဲ့ Pina Colada ကော့လ်တေးတစ်ခွက် ရပါပြီ။

cocktail

Photo : Amada’s Cookin’

ကွီးတို့အနေနဲ့ အိမ်မှာပဲ ညစာစားပွဲ ကျင်းပတဲ့ အခါဖြစ်စေ၊ ကော့လ်တေးပါတီမှာ ဖြစ်စေ ထည့်သွင်း ဧည့်ခံလို့ကောင်းတဲ့ ကော့လ်တေးပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်ဖျော်စပ်ဖို့လည်း တကယ်ကို လွယ်ကူတာကြောင့် အားလပ်ချိန်မှာ အရသာရှိတဲ့ ကော့လ်တေးလေး ဖျော်စပ်သောက်သုံးကြည့်ပါ။

Source : Liquor.com

Featured Photo : Master Class