Android တက်ဘလက်လောကထဲ တကျော့ပြန်ဝင်လာမယ့် Google ဟာ မေလဆန်းပိုင်းက ကျင်းပသွားတဲ့ Google I/O 2022 မှာ Pixel Tablet ထုတ်ကုန်သစ်အကြောင်း မိတ်ဆက်သွားခဲ့ပါတယ်။ အန်းဒရိုက်တက်ဘလက်လောကမှာ Google အတွက် Pixel Tablet က ရည်မှန်းချက်သစ်တွေ ယူဆောင်လာမယ်လို့လည်း အများက မျှော်လင့်ထားကြပါတယ်။

Pixel Tablet ဟာ စမတ်အိမ်သုံးထုတ်ကုန်လောကအတွက် ခေတ်မီဆန်းသစ်တဲ့ အပြောင်းအလဲဖြစ်လာမယ်လို့ ဆိုပါတယ်။ ကောလာဟလတွေအရ Pixel Tablet ဟာ Google ရဲ့ Smart Display စီမံကိန်းတွေနဲ့ ဆက်စပ်နေတယ်လို့ ပြောပါတယ်။ ဒီအချက်သာ မှန်မယ်ဆိုရင် Pixel Tablet ဟာ Smart Display Industry အနာဂါတ်အတွက် အချက်ပြမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

Google-IO-2022

Photo : Android Authority

ဒီဇိုင်းအရ Google Pixel Tablet ဟာ သိပ်ထူးထူးခြားခြားတော့ ခံစားရမှာ မဟုတ်ပါဘူး။ ကျောဘက်မှာလည်း ကင်မရာတစ်လုံးပဲ ပါပြီး ဘေးဘောင်မှာ Selfie ကင်မရာတပ်ထားလို့ Video Call တွေ ခေါ်မယ်ဆို တက်ဘလက်ကို အလျားလိုက် Landscape ထားပြီး ဗွီဒီယိုခေါ်ဆိုမှု လုပ်ရမှာ ဖြစ်ပါတယ်။ Google Pixel Tablet ဟာ Stylus တစ်ခုနဲ့ ထွက်လာဖို့ ရှိပါတယ်။ Google ဟာ USI Stylus Support နဲ့ လာဖို့ ရှိပြီး ကီးဘုတ် Case နဲ့ သံလိုက်နည်းနဲ့ ချိတ်ဆက်နိုင်တဲ့ Pogo Pins လေးတွေလည်း ပါလာမှာပါ။

Pixel Tablet ဟာ Google ရဲ့ ကိုယ်ပိုင် Chipset နည်းပညာဖြစ်တဲ့ Google Tensor SoC နဲ့ ထွက်လာဖို့လည်း ရှိပါတယ်။ ဒီထုတ်ကုန်ဟာ လက်ရှိဈေးကွက်ထဲ ဝင်ထားတဲ့ Pixel စမတ်ဖုန်းတွေနဲ့ ပြီးပြည့်စုံတဲ့ အတွဲအဖက်အဖြစ် Ecosystem မှာ ပါဝင်လာမှာပါ။ Display Size အနေနဲ့ ၁၀ လက်မကနေ ၁၁ လက်မအတွင်း ရှိပြီး အပေါ်နဲ့ အောက်ဘက်တွေမှာ စပီကာလေးလုံးတပ် အသံစနစ်နဲ့ ထွက်လာမယ်လို့လည်း ကြားနေရပါတယ်။

pixel-tablet

Photo : Android Authority

Google Pixel Tablet ကို ဒီနှစ် ဆောင်းတွင်းပိုင်းလောက် တရားဝင်အပြည့်အစုံ မိတ်ဆက်သွားဖို့ ရှိပြီး ဈေးကွက်ထဲကိုတော့ ၂၀၂၃ ခုနှစ်ထဲမှာ ဖြန့်ချိဖို့လည်း ရှိပါတယ်။ Google I/O ပွဲမှာ ဒီထုတ်ကုန်ကို ပရီမီယံထုတ်ကုန်အဖြစ် ညွှန်းသွားတာကြောင့် ဈေးနှုန်းအနေနဲ့ Galaxy Tab S Series တန်းနဲ့ ထွက်လာနိုင်ပါတယ်။

Featured Photo : Android Authority