Punk Rock ဂီတဟာ ၁၉၇၀ ခုနှစ်ဝန်းကျင်လောက်က လူသိများကျော်ကြားခဲ့တဲ့ ဂီတအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Punk Rock ဂီတက ပုံမှန်အားဖြင့် ပြင်းထန်တဲ့တေးသွား ၊ တိုတိုနဲ့ သွက်သွက်လက်လက်ရှိတဲ့ သီဆိုဟန်တွေနဲ့ သီချင်းတွေကို ဖန်တီးသီဆိုလေ့ ရှိပါတယ်။ နိုင်ငံရေး အစွန်းရောက်မှု ၊ အဖိနှိပ်ခံ လူတန်းစားများနဲ့ စစ်ပွဲတွေ ဆန်ကျင်တဲ့ သီချင်းစာသားတွေနဲ့အတူ လွတ်လပ်မှု ၊ တန်းတူညီမျှမှု ၊ လူသားဆန်မှုကို ကိုယ်စားပြုတဲ့ ဂီတတစ်ခုအဖြစ် လူသိများကျော်ကြားပါတယ်။ Punk Rock ဂီတနေ့ကို နှစ်စဉ် အောက်တိုဘာလ ၂၅ ရက်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ Punk Rock ဂီတရဲ့ အမျိုးအစားခွဲတွေဖြစ်တဲ့ Hardcore Punk ၊ Pop-Punk နဲ့ Garage Punk ဂီတတွေကလည်း လူကြိုက်များ ကျော်ကြားပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ခေတ်ခေတ်အဆက်ဆက် ရေပန်းစားခဲ့တဲ့ ထာဝရ အကျော်ကြားဆုံး နာမည်ကြီး Punk Rock တီးဝိုင်း တချို့ အကြောင်း တင်ဆက်ပေးချင်ပါတယ်။

(၁) Green Day

Source : Green Day

Green Day အဖွဲ့ဟာ ၁၉၈၇ ခုနှစ်က ကယ်လီဖိုးနီးယားပြည့်နယ် အရှေ့ပင်လယ်အော်မှာ စတင် ဖွဲ့စည်းခဲ့တဲ့ အမေရိကန်ရော့ခ်ဂီတအဖွဲ့ တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ စံချိန်တင် အယ်လ်ဘမ်ပေါင်း ၇၅ သန်းကျော် ရောင်းချနိုင်ခဲ့တဲ့ ဂီတ တီးဝိုင်း တစ်ခုဖြစ်ပါတယ်။ ဂရမ်မီဆုပေါင်း ၂၀ အတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး အကောင်းဆုံး Alternative အယ်လ်ဘမ် Dookie အတွက် ၅ ဆု ၊ အကောင်းဆုံး ရော့ခ်အယ်လ်ဘမ် American Idiot နဲ့ 21st Century Breakdown အယ်လ်ဘမ်တွေ အတွက် ၁ ဆု ၊  တစ်နှစ်တာ အကောင်းဆုံးသီချင်း Boulevard of Broken Dreams နဲ့ အကောင်းဆုံး ဂီတရှိုးအယ်လ်ဘမ် American Idiot: The Original Broadway Cast Recording အတွက် ဆုတွေအသီးသီး ရရှိခဲ့ပါတယ်။ Green Day အဖွဲ့ဟာ ဂီတသက်တမ်းတစ်လျောက် ဆုပေါင်း ၂၁၄ ဆု လျာထားခံရပြီး ဂီတဆုပေါင်း ၉၂ ဆု ရရှိခဲ့ပါတယ်။ Jesus of suburbia ၊ Good Riddance ၊ Basket Case ၊ Longview နဲ့ When I come Around သီချင်းတွေကတော့ Green Day အဖွဲ့ရဲ့ လူကြိုက်များကျော်ကြားတဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်။

(၂) The Clash

Source : The Clash

The Clash အဖွဲ့က ၁၉၇၆ ခုနှစ်က လန်ဒန်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အင်္ဂလိပ်ရော့ခ်ဂီတအဖွဲ့  ဖြစ်ပါတယ်။ တီးဝိုင်းနာမည်နဲ့ ထွက်ရှိခဲ့တဲ့ ပထမဦးပွဲထွက် အယ်လ်ဘမ် The Clash နဲ့ ဒုတိမြောက်စတူဒီယို အယ်လ်ဘမ် Give ‘Em Enough Rope တို့နဲ့အတူ ကျော်ကြားလာခဲ့ပါတယ်။ ၁၉၈၂ ခုနှစ်က ထွက်ခဲ့တဲ့ Combat Rock ကတော့ The Clash အဖွဲ့ကို အောင်မြင်မှုအကြီးအကျယ်ရစေခဲ့တဲ့ တေးအယ်လ်ဘမ်တစ်ခုပဲ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ်မှာလည်း ဗျူနိုအေးရိစ်မြို့ အခြေစိုက် Punk ဂီတအဖွဲ့တွေရဲ့ ဖျော်ဖြေမှုတွေများစွာပါဝင်တဲ့ Clash Tribute အယ်လ်ဘမ်ကို ထုတ်ဝေခဲ့ပါတယ်။ The Clash အဖွဲ့ဟာ အောင်မြင်တဲ့ တေးအယ်လ်ဘမ်ပေါင်းများစွာနဲ့အတူ ခေတ်အဆက်ဆက် အကျော်ကြားဆုံး Punk Rock တီးဝိုင်း တွေထဲကတစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ The Clash အဖွဲ့ရဲ့ အကောင်းဆုံး သီချင်းတွေထဲမှာ Straight To Hell ၊ Clampdown ၊ Should I Stay or Should I Go ၊ (White Man) In Hammersmith Palais နဲ့ The Magnificent Seven စတဲ့သီချင်းတွေပါဝင်ပါတယ်။

(၃) The Ramones

Source : RHINO

၁၉၇၀ ခုနှစ်တွေမှာ စတင်ပေါ်ပေါက်ခဲ့တဲ့ Ramones ဂီတအဖွဲ့ဟာ ရော့ခ်ဂီတအဖွဲ့ဆိုတာထက် ဂိုဏ်းတစ်ခုနဲ့ ပိုတူပါတယ်။ အဖွဲ့သားတွေအားလုံးရဲ့ နောက်ဆုံးနာမည်ကို Band နာမည် ပြောင်းလဲမှည့်တွင် ခဲ့ကြပါတယ်။ The Ramones တီဝိုင်း ကို Punk Rock ဂီတ စတင်ခဲ့သူတွေလို့တောင် ယူဆကြပြီး သူတို့ရဲ့ အသံနဲ့ လွှမ်းမိုးမှုတွေကို ယနေ့ခေတ် ခေတ်ပေါ်  Rock နဲ့ Pop ဂီတ သီချင်းတွေမှာ တွေ့ရပါတယ်။ The Ramones အဖွဲ့ဟာ Pet Sematary ၊ Don’t Bust My Chops ၊ Ignorance Is Bliss ၊ Passion Heart နဲ့ Anxiety စတဲ့သီချင်းတွေနဲ့ လူသိများပြီး ခေတ်အဆက်ဆက် အကျော်ကြားဆုံး Punk Rock တီးဝိုင်း တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

(၄) Sex Pistols

Source : Sex Pistols Official

Sex Pistols တီးဝိုင်း အဖွဲ့ဟာ လန်ဒန်မှာစတင်ဖွဲ့စည်းခဲ့တဲ့ အင်္ဂလိပ် Punk Rock ဂီတအဖွဲ့တစ်ခု ဖြစ်ပါတယ်။ Sex Pistols ကို ယူကေမှာ Punk လှုပ်ရှားမှုတွေ စတင်ခဲ့တဲ့ အဖွဲ့တစ်ခုအဖြစ် လူသိများပါတယ်။ Punk ယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ ထူးခြားတဲ့ ဖက်ရှင်တွေ ၊ ဆံပင်ပုံစံတွေက Sex Pistols ရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံးနဲ့ အလွှမ်းမိုးနိုင်ဆုံး အချက်တစ်ခုလို့ ပြောရင်မမှားနိုင်ပါဘူး။ တစ်ချိန်က God Save The Queen သီချင်းနဲ့ ဗြိတိန်ဘုရင်မကို တိုက်ခိုက်ခဲ့ဖူးတဲ့ အံ့ဖွယ်ဖြစ်ရပ်တစ်ခု ရှိခဲ့ဖူးတဲ့ ထူးထူးခြားခြား တီးဝိုင်းအဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။ Silly Thing ၊ Submission ၊ Problems ၊ Holiday In The Sun နဲ့ God Save The Queen သီချင်းတွေကတော့ Sex Pistols အဖွဲ့ရဲ့ အကျော်ကြားဆုံး သီချင်းတွေပဲ ဖြစ်ပါတယ်။

Featured Photo : Deadline