အားကစားနည်းလမ်းပေါင်းစုံအကြားမှာ ဘယ်အားကစားက ပိုခက်သလဲဆိုတာ ပြောရခက်ပါတယ်။ အားကစားရဲ့ သဘာဝကိုက ကျွမ်းကျင်မှု ၊ အားစိုက်လေ့ကျင့်ခြင်းနဲ့ ပြင်ဆင်ထားတဲ့စိတ်ခွန်အားတွေ လိုအပ်လို့ ဖြစ်ပါတယ်။ ဒီလို အားကစားနည်းလမ်းပေါင်းစုံထဲကမှ အခက်ဆုံးအားကစားနည်းကို ပြန်ရွေးချယ်ရမယ်ဆိုရင် ကျွမ်းဘားအားကစားကို အခက်ဆုံးလို့ ပြောရမယ် ထင်ပါတယ်။
Gymnastics လို့ ခေါ်ကြတဲ့ ကျွမ်းဘားအားကစားနည်းဟာ အိုလံပစ်အားကစားတစ်ခုဖြစ်ပြီး နာမည်အကြီးဆုံး အိုလံပစ်အားကစားတွေအကြောင်းကို အမှတ်စဉ် ပေးမယ်ဆိုရင်လည်း ကျွမ်းဘားအားကစားက ရေကူး ၊ ဝိတ်မ ၊ ဘတ်စကတ်ဘော ၊ ဘောလုံး ၊ ဘောလီဘော ၊ ဂျူဒို စတဲ့ အားကစားတွေရဲ့အထက်မှာ ဖော်ပြခံရလေ့ရှိပါတယ်။
Photo: bleacherreport
ကျွမ်းဘားအားကစားက ဟန်ချက်နဲ့ သန်စွမ်းမှုအပြင် အမြန်နှုန်းနဲ့ လက်-မျက်စိ အချိတ်အဆက်မှန်မှုလည်း လိုပါတယ်။ သိပ်ကို ခွန်အားစိုက်ထုတ်ရတဲ့ အားကစားမျိုးလည်း ဖြစ်ပါတယ်။ တစ်ကိုယ်လုံးမှာ အာရုံအပြည့်ထားရပြီး အင်အားတွေ ညှစ်ထုတ်ရတဲ့ အားကစားလို့ ပြောရမှာပါ။
နောက်တစ်ချက်က ကျွမ်းဘားကစားနည်းဟာ မြင်ရုံနဲ့တင် တော်ရုံသတ္တိနဲ့ ဝင်ကစားလို့ မရမှန်းသိနိုင်တဲ့ ကစားနည်းပါ။ ကျွမ်းကျင်မှုရဖို့ လေ့ကျင့်လိုက်ရတဲ့ လေ့ကျင့်မှုကလည်း သည်းမခံနိုင်လောက်အောင် ပြင်းထန်ပါတယ်။ လေ့ကျင့်နေစဉ်အတွင်း ထိခိုက်တာကလည်း ခဏခဏပါ။
Gymnast တစ်ယောက်ဖြစ်လာဖို့ ကလေးဘဝကတည်းက စပြီး လေ့ကျင့်ခန်း Training ဆင်းရပါတယ်။ တချို့ဆို မူကြိုအရွယ်ကတည်းက ကျောင်းကာယသင်တန်းတွေမှာ ကျွမ်းဘားကစားနည်း သင်နေရပါပြီ။ အသက် ၆ နှစ် ၇ နှစ်ဆို တစ်ပတ်ကို Training အကြိမ်ကြိမ် ပုံမှန်ဆင်းနေရပါပြီ။ စဉ်းစားကြည့်ရုံနဲ့တင် အတော်မလွယ်တဲ့ အားကစားဆိုတာ သိသာနိုင်ပါတယ်။
Photo: insidegymnastics
အိုလံပစ်အားကစားပွဲတော်တွေမှာ ဝင်ပြိုင်မယ့် ကျွမ်းဘားသမား Gymnast ဟာ အနည်းဆုံး အသက် ၁၆ နှစ် ရှိရမယ်လို့ ဆိုပါတယ်။ အိုလံပစ်ပွဲတော်မှာ ပါဝင်နိုင်ဖို့ ကလေးအရွယ်ကတည်းက Training နဲ့ နာရီရာပေါင်းများစွာဖြတ်သန်းခဲ့ရတဲ့ ဂျူနီယာလေးတွေ အများကြီး ရှိမှာပါ။
ဒါကြောင့်ပဲ မယုံနိုင်အောင် ပြင်းထန်တဲ့ Training တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြည့်စုံတဲ့ Gymnast တစ်ဦးဖြစ်အောင် လေ့ကျင့်မွေးယူရတာကို စဉ်းစားကြည့်တာနဲ့တင် ဒီကစားနည်းက အခက်ဆုံးလို့ ပြောနိုင်တာ ဖြစ်ပါတယ်။
Featured Photo: mensjournal