ဆောင်းရာသီမှာ အားကစားလုပ်ဖို့စဉ်းစားနေတယ် ဆိုရင်စက်ဘီးနင်းဖို့ အကြံပြုချင်ပါတယ်။ စက်ဘီးနင်းခြင်းက ထင်မှတ်မထားလောက်တဲ့ အကျိုးကျေးဇူးတွေများစွာရစေနိုင်မှာပါ။  ဒီနေ့မှာတော့ မနက်စောစော စက်ဘီးစီးလေ့ကျင့်ခန်းကနေ ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။

Source : Bicycling

စိတ်ဖိစီးမှုလျော့ကျစေတယ် – စက်ဘီစီးအားကစားနည်းဟာ စိတ်ဖိစီးမှုလျော့ကျစေနိုင်တဲ့ သဘာဝနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ စက်ဘီးစီးခြင်းဟာ အားသွန်ခွန်စိုက်နင်းရတဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုဖြစ်တဲ့အပြင် သဘာဝပတ်ဝန်းကျင်နဲ့လည်း တိုက်ရိုက်ထိတွေ့ခွင့်ရတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်တာကြောင့် စိတ်လက်ပေါ့ပါးပြီး စိတ်ဖိစီးမှုတွေကို အမြန်ဆုံးလျော့ကျစေနိုင်မှာဖြစ်ပါတယ်။

နှလုံးကျန်းမာရေး ကောင်းမွန်စေတယ် – စက်ဘီးစီးလေ့ကျင့်ခန်းဟာ နှလုံးကျန်းမာရေးအတွက် အထောက်အပံ့ကောင်းတစ်ခု ဖြစ်စေတယ်လို့ ဆေးပညာရှင်တွေကဆိုပါတယ်။ စက်ဘီးစီးခြင်းဖြင့် နှလုံးနဲ့ပတ်သက်တဲ့ရောဂါ ဝေဒနာတွေကို ကာကွယ်မှာပေးနိုင်မှာဖြစ်သလို ခန္ဓာကိုယ်အတွင်းက ကိုလက်စထရောပမာဏကိုလည်း လျော့ချပေးပါတယ်။ ဒါ့အပြင် နှလုံးနဲ့ ဆက်စပ်နေတဲ့ သွေးကြောဆိုင်ရာလုပ်ငန်းဆောင်တာတွေကို ပိုမိုအားကောင်းစေတယ်လို့သိရပါတယ်။

Source : Adobe Stock

ဝိတ်ကျစေတယ် – စက်ဘီးစီးလေ့ကျင့်ခန်းဟာ အားလုံးသိတဲ့အတိုင်း အားနဲ့မာန်နဲ့ နင်းရတဲ့အားကစားနည်းတစ်ခုဖြစ်တာကြောင့် ဝိတ်ချချင်တဲ့သူတွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ တစ်နေ့ကို စက် ဘီးစီးလေ့ကျင့်ခန်း မိနစ် (၃၀) ခန့်ပြုလုပ်ရုံနဲ့ ကယ်လိုရီ ၃၀၀ က နေ ၅၀၀ ကြား လောင်ကျွမ်းစေမှာဖြစ်ပါတယ်။ ကယ်လိုရီများများလောင်ကျွမ်းချင်ရင်တော့ အချိန်ထပ်တိုးပြီး ပြင်းပြင်းထန်ထန် စက်ဘီးနင်းပေးရမှာဖြစ်ပါတယ်။

ငယ်ရွယ်နုပျိုစေတယ် – စက်ဘီးစီးလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်သူတစ်ယောက်ဟာ သာမာန်လူတစ်ယောက်ထက် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာမှာပါ ပိုမိုနုပျိုနေတယ်လို့ သုတေသီတွေကဆိုပါတယ်။ စက်ဘီးစီးလေ့ကျင်ခန်းကို ပုံမှန်ပြုလုပ်ပါက အဖြစ်များဆုံးရောဂါတွေဖြစ်တဲ့ နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို နဲ့ ကင်ဆာရောဂါတွေကိုတောင် ကာကွယ်ပေးနိုင်တဲ့အထိ အကျိုးထူးခံစားရမှာဖြစ်ပြီး သက်ရှည်ကျန်းမာစွာနဲ့ နုပျိုလှပမှုတွေကို ခံစားရစေမှာ ဖြစ်ပါတယ်။

 

Source :Twitter

အိပ်စက်မှုကို အထောက်အကူဖြစ်စေတယ် – ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့သူတွေဟာ အိပ်စက်မှုပိုင်းဆိုင်ရာမှာ ပိုပြီး ပြဿနာရှိတာဖြစ်ပါတယ်။ စက်ဘီးစီးခြင်းကတော့ အကောင်းဆုံးကိုယ်လက်လှုပ်ရှားမှုတစ်ခုဖြစ်တာကြောင့် ညဘက်တွေမှာ ကောင်းစွာအိပ်ပျော်စေနိုင်မှာဖြစ်ပါတယ်။ သင်ဟာ ညတွေမှာ အိပ်မပျော်ဘူးဆိုရင်တော့ စက်ဘီးစီးလေ့ကျင့်ခန်းကို တစ်နေ့ကိုနာရီဝက်ခန့် ပုံမှန်ပြုလုပ်ကြည့်ဖို့ အကြံပေးပါရစေ။