Redmi ရဲ့ အသစ် မိတ်ဆက်လိုက်တဲ့ Note 11T Pro ဟာ တရုတ်ဈေးကွက်မှာ ဝယ်လိုမှုမြင့်မားနေတယ်လို့ ဆိုပါတယ်။ ဈေးကွက်ထဲ ပထမဆုံးရောင်းချချိန်မှာ Redmi Note 11T Pro ဟာ တစ်နာရီအတွင်း အလုံးရေ ၂၇၀၀၀၀ ကျော် ရောင်းချနိုင်ခဲ့တယ်လို့ Redmi ရဲ့ အထွေထွေမန်နေဂျာ လုဝေဘင်းက ပြောပါတယ်။ Redmi ဟာ Note 11T Pro နဲ့ Note 11T Pro+ မော်ဒယ်သစ် နှစ်မျိုးကို မေလ ၂၅ ရက်နေ့က မိတ်ဆက်ခဲ့တာပါ။
Photo : Gizchina
ဒီထုတ်ကုန်နှစ်မျိုးစလုံး High End Features တွေ ပါပြီး ထူးခြားသပ်ရပ်တဲ့ ဒီဇိုင်းနဲ့Flagship ထုတ်ကုန်တွေအဖြစ် ဈေးကွက်ထဲ ဝင်ခဲ့တာ ဖြစ်ပါတယ်။ Redmi Note 11T Proနဲ့ Note 11T Pro+ တို့ဟာ Design Language ချင်း ဆင်ပြီး သုံးထားတဲ့ Hardware Specs တွေလည်း တစ်ထပ်တည်း နီးပါးလို့ ပြောနိုင်ပါတယ်။ Redmi Note 11T Pro နဲ့ Note 11T Pro+ တို့ဟာ ၆.၆ လက်မ FHD+ LCD Display နဲ့လာပြီး 144Hz Refresh Rate သုံးထားပါတယ်။
144Hz Refresh Rate Screen မှာ ထူးခြားချက်က ဘက်ထရီပါဝါ သက်သာဖို့ 144Hz Rate ကနေ 30Hz Rate ကို အလိုအလျောက် လျှော့ချပေးနိုင်စွမ်း ရှိတာပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်း ခေတ်စားလာတဲ့ ဘော်ဒီဘောင်ပြား Flat Edge စတိုင် သုံးထားပြီး ကျောဘက်ကင်မရာ ဖွဲ့စည်းပုံဟာ Flagship မော်ဒယ် Xiaomi 12 စီးရီးနဲ့ ဆင်နေပါတယ်။ ဒီဇိုင်းပိုင်း ချီးကျူးစရာကောင်းပြီး Flagship ဖုန်းတွေ ပီသတဲ့ လုပ်ဆောင်ချက်တွေလည်း ထည့်ထားပါတယ်။
Redmi Note 11T Pro နဲ့ Note 11T Pro+ တို့ဟာ MediaTek ထုတ် Dimensity 8100 5G Chipset နဲ့ လာပြီး LPDDR5 RAM နဲ့ UFS3.1 Internal Storage အမျိုးအစား သုံးထားပါတယ်။ Redmi Note 11T Pro ကို RAM 6GB / 128 GB Storage နဲ့ RAM 8GB/256GB Storage ဗားရှင်းတွေ ထွက်ထားပါတယ်။ Redmi Note 11T Pro+ ကတော့ အမြင့်ဆုံး မော်ဒယ် RAM 8GB / 512GB Storage မော်ဒယ်အထိ ထွက်လာပါတယ်။
Redmi Note 11T Proနဲ့ Note 11T Pro+ နှစ်မျိုးမှာ နောက်ထပ် တူတဲ့အချက်က Center Punch Hole ကင်မရာပေါက်ထဲမှာ 16MP Selfie ကင်မရာ ၊ ကျောဘက် ထောင်လိုက် စတုဂံပုံစံ ကင်မရာအိမ်ထဲမှာ 64MP Samsung ISOCELL GW1 Sensor နဲ့အတူ 8MP Ultrawide နဲ့ 2MP Macro Lens ဆိုပြီး ကင်မရာသုံးလုံးတွဲ သုံးထားပါတယ်။ Operating System အနေနဲ့လည်း Android 12 စနစ်ကို အခြေခံထားတဲ့ MIUI 13 နဲ့ လာပါတယ်။
Photo : Gizmochina
ဒါတွေကို ကြည့်လိုက်ရင် ဒီဖုန်းနှစ်လုံးမှာ ကွဲပြားတာ မရှိပါဘူး။ Redmi Note 11T Proနဲ့ Note 11T Pro+ နှစ်မျိုးမှာ အဓိက ကွာခြားတာက Battery Power နဲ့ အားသွင်းစနစ် Charging အမြန်နှုန်းပဲ ဖြစ်ပါတယ်။ ဈေးပိုသက်သာတဲ့ Redmi Note 11T Pro ဟာ 5080mAh ဘက်ထရီ သုံးထားပြီး အားသွင်းစနစ်ကိုတော့ 67W Fast Charging Support ပေးထားပါတယ်။ Redmi Note 11T Pro+ မှာတော့ 4400mAh ဘက်ထရီကို မိနစ် ၂၀ လောက်နဲ့ အားအပြည့် သွင်းနိုင်တဲ့ 120W Fast Charging စနစ် သုံးထားတာ ဖြစ်ပါတယ်။
Redmi Note 11T Pro နဲ့ Note 11T Pro+ တို့ကို Atomic Silver ၊ Time Blue နဲ့ Midnight Black ကာလာ ၃ ရောင်နဲ့ ဝယ်ယူနိုင်ပြီး Redmi Note 11T Pro (6/128) ဗားရှင်းကို ယွမ် ၁၈၀၀ (မြန်မာငွေ ၅ သိန်းကျော်) ကနေ စတင်ရောင်းချသွားမှာပါ။ Redmi Note 11T Pro+ ကတော့ RAM 8/256GB ဗားရှင်းကို ယွမ် ၂၁၀၀ (မြန်မာငွေ ၆ သိန်းနီးပါး) ဈေးနဲ့ တရုတ်ဈေးကွက်မှာ ဖြန့်ချိထားတာ ဖြစ်ပါတယ်။
Featured Photo : gizchina