ကော့လ်တေးဆိုရင် ခပ်ပြင်းပြင်းမှ ကြိုက်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ Rye ဝီစကီ Whiskey နဲ့ ဖျော်စပ်တဲ့ ကော့လ်တေး အမိုက်စားလေးတွေကို ပြောပြပေးချင်ပါတယ်။ မီးခိုးရနံ့ ဝက်သစ်ချစည်ရနံ့တို့ ခပ်သင်းသင်းလေး မွှေးပြီး အသီးအရသာတို့ ပေါင်းစပ်ပါဝင်တဲ့ ရှရှတတ အရသာ Rye ဝီစကီ Whiskey ဟာ ကော့လ်တေး ကောင်းကောင်းတစ်ခွက် ဖျော်စပ်ဖို့အတွက် အရမ်းကိုလိုက်ဖက်တဲ့ အဓိက ဇာတ်ဆောင် ယမကာတစ်မျိုး ဖြစ်ပါတယ်။ အခုပြောပြပေးမှာကတော့ Bar တွေမှာ အမှာများပြီး လူကြိုက်များကျော်ကြားတဲ့ ဂန္ထဝင် Rye ဝီစကီ Whiskey ကော့လ်တေး ၅ မျိုးပဲ ဖြစ်ပါတယ်။

(၁) Manhattan ကော့လ်တေး

Photo : A Couple Cooks

ကော့လ်တေးအမျိုးအစား ထောင်နဲ့ချီရှိတဲ့အထဲမှာ အကျော်ကြားဆုံးနဲ့ လူကြိုက်အများဆုံး ဂန္ထဝင် ကော့လ်တေးတွေထဲက တစ်ခုကတော့ Manhattan ကော့လ်တေးပဲ ဖြစ်ပါတယ်။ Manhattan ကော့လ်တေးဟာ Rye ဝီစကီ Whiskey ၊ Sweet Red Vermouth ၊ Angostura Bitters စတဲ့ ပါဝင်ပစ္စည်းတည်းနဲ့ အဓိက ဖျော်စပ်တဲ့ စွဲမက်ဖွယ်အရသာ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ ၁၈၇၀ ပြည့်လွန်နှစ်တွေကနေ ဒီနေ့အချိန်အထိ လူကြိုက်များကျော်ကြားတဲ့ ထူးထူးခြားခြား ကော့လ်တေးတစ်ခွက် ဖြစ်တာကြောင့် ကော့လ်တေးချစ်သူတိုင်း သေချာပေါက် မြည်းစမ်းကြည့်သင့်ပါတယ်။

(၂) Sazerac ကော့လ်တေး

Photo : A Couple Cooks

Rye ဝီစကီ Whiskey ကော့လ်တေးတွေထဲမှာ နောက်ထပ်နာမည်ကြီးတဲ့ ကော့လ်တေးတစ်မျိုးကတော့ Sazerac ဖြစ်ပါတယ်။ Sazerac ကော့လ်တေးဟာ ၁၈၀၀ ပြည့်လွန်နှစ်အလယ်ပိုင်းလောက်က New Orleans မှာ စတင်ပေါ်ပေါက်ခဲ့တာပါ။ ကော့ညှက် Cognac ၊ Rye ဝီစကီ Whiskey နဲ့ Absinthe တို့ အဓိက ပေါင်းစပ်ဖျော်ထားပြီး သကြားခဲ နဲ့ Peychaud’s Bitters တို့လည်း ပါဝင်ပါတယ်။ ကော့လ်တေးတစ်ငုံသောက်လိုက်တိုင်းမှာ ပြင်းရှချိုမွှေး ထူးခြားတဲ့ အရသာအသစ်ကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။

(၃) Ward 8 ကော့လ်တေး

Photo : A Couple Cooks

နောက်ထပ်ထူးခြားတဲ့ ဂန္ထဝင် Rye ဝီစကီ Whiskey ကော့လ်တေးတစ်မျိုးကတော့ Ward 8 ကော့လ်တေး လို့ခေါ်ပါတယ်။ Ward 8 ကော့တေးကို ၁၈၉၈ ခုနှစ်ဝန်းကျင် မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့မှာ စတင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ဒီမိုကရက်တစ် နိုင်ငံရေးသမား ပြည်နယ် လွှတ်တော်အမတ် Martin Lomasney ကို ရွေးကောက်ပွဲ အနိုင်ရခြင်းဂုဏ်ပြုတဲ့အနေနဲ့ Ward 8 ကော့လ်တေးကို ဖန်တီးခဲ့တာပါ။ Ward 8 ကော့လ်တေးကို Rye ဝီစကီ Whiskey ၊ သံပုရာရည် ၊ လိမ္မော်ရည် ၊ Grenadine တို့နဲ့ အဓိကဖျော်စပ်ပြီး ချဉ်ပြုံးချိုမြ ဟန်ချက်ညီတဲ့ အမိုက်စား ကော့လ်တေးတစ်ခွက်ဖြစ်ပါတယ်။

(၄) Toronto ကော့လ်တေး

Photo : A Couple Cooks

Old Fashioned ကော့လ်တေးကို ကြိုက်တယ်ဆိုရင် Toronto ကော့လ်တေးကိုလည်း သေချာပေါက် မြည်းစမ်းကြည့်သင့်ပါတယ်။ Toronto ကော့လ်တေးဟာ ၁၉၂၀ ခုနှစ်တွေမှာ စတင်နာမည်ကြီးလာခဲ့ပြီး ဒီနေ့ချိန်အထိ လူကြိုက်များနေဆဲဖြစ်တဲ့ ကော့လ်တေးတစ်မျိုး ဖြစ်ပါတယ်။ Rye ဝီစကီ Whiskey ၊ Fernet-Branca Liqueur ၊ Angostura Bitters ၊ Simple Syrup သို့မဟုတ် Maple Syrup တို့နဲ့ အဓိက ဖျော်စပ်ပါတယ်။ Fernet-Branca ရဲ့ သိမ့်မွှေ့တဲ့ ခါးသပ်သပ်အရသာနဲ့ Rye ဝီစကီ Whiskey ရဲ့ ရှတတ အရသာတို့ရဲ့ ပြည့်စုံမျှတစွာပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။

(၅) La Louisiane ကော့လ်တေး

Photo : A Couple Cooks

La Louisiane ကော့လ်တေးကတော့၁၈၀၀ ပြည့်လွန်နှစ်ကာလတွေမှာ အရမ်းကိုရေပန်းစားဟော့ဖြစ်ခဲ့တဲ့ ဂန္ထဝင် Rye ဝီစကီ Whiskey ကော့လ်တေး တစ်မျိုးဖြစ်ပါတယ်။ La Louisiane ကော့လ်တေးကို Rye ဝီစကီ Whiskey ၊ Sweet Vermouth ၊ Benedictine ၊ Absinthe ၊ Peychaud’s Bitters တို့နဲ့ ဖျော်စပ်ပါတယ်။ သူ့ရဲ့အရသာက Sazerac နဲ့ Manhattan ကော့လ်တေး တို့နဲ့ ဆင်တူပြီး Sazerac ကော့လ်တေးရဲ့အရသာနဲ့ ပိုပြီး နီးစပ်တယ်လို့ ပြောလို့ရပါတယ်။ La Louisiane ကော့လ်တေးကလည်း Rye ဝီစကီ Whiskeyနဲ့ ဖျော်စပ်တဲ့ကော့လ်တေးတွေထဲမှာ သေချာပေါက်မြည်းစမ်းကြည့်ရမယ့် ကော့လ်တေးတစ်မျိုးပဲ ဖြစ်ပါတယ်။

Featured Photo : Trinkreif.de