Self-Confidence လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုစွမ်းအားဟာ ကိုယ်တိုင် တည်ဆောက်ယူရတာမျိုး ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်စွမ်းအား မြင့်မားသူတွေဟာ ဘဝမှာထိပ်ဆုံး ပိုရောက်ကြတယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။ ကွီးတို့အနေနဲ့ ဘဝတစ်လျှောက်လုံးမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ ယောကျာ်းတစ်ယောက်အဖြစ် နေထိုင်သွားချင်တယ်ဆိုရင်တော့ ထိရောက်တဲ့ နည်းလမ်းတချို့ကို ပြောပြပေးပါမယ်။
(၁) လက်ရှိအချိန်ကို အာရုံစိုက်ပါ
Photo : Men’s Journal
ကိုယ့်ကိုယ်ကို ယုံကြည်မှုစွမ်းအား ကောင်းချင်တယ်ဆိုရင် အတိတ်မှာလည်းမနေထိုင်ပါနဲ့ ၊ အနာဂတ်ကိုလည်း ကြိုတွေးပြီး မပူပန်ပါနဲ့။ အကောင်းဆုံးက လက်ရှိပစ္စုပ္ပန်ကာလကိုသာ အာရုံစိုက်ပြီး နေထိုင်သင့်ပါတယ်။ အတိတ်ကအမှားတွေကို မေ့လိုက်ပါ။ အနာဂတ်က ဖြစ်မလာသေးတာတွေကို ကြိုတွေးပြီး စိုးရိမ်သောကရောက်နေမယ့်အစား အခုလက်ရှိဖြစ်တည်နေထိုင်ရာ အချိန်ကာလကိုပဲ အကောင်းဆုံးနဲ့ ကျေနပ်ပျော်ရွှင်စရာဖြစ်အာင် ကြိုးစားပြီးနေထိုင်မယ်ဆိုရင် Self-Confidence လည်း တိုးလာပါလိမ့်မယ်။
(၂) ကိုယ့်ကိုယ်ကို နားလည်အောင်လုပ်ပါ
Photo : Medium
ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် ၊ ကိုယ့်အကြောင်းကို ကောင်းကောင်းနားလည်နေဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို သိရှိခြင်းဟာ ကိုယ့်ရဲ့ စွမ်းအားကို ဘယ်အချိန် ၊ ဘယ်နေရာမှာ အသုံးချရင် ပိုပြီး ဖြစ်ထွန်းအောင်မြင်မယ်ဆိုတာ သိနိုင်မှာပါ။ အဓိကကတော့ ကိုယ့်ရဲ့ အားသာချက်တွေကို သိထားဖို့လိုသလို ကိုယ့်ရဲ့ဟာကွက်တွေကိုလည်း ကောင်းကောင်းလက်ခံထားဖို့ လိုပါတယ်။ လူတိုင်းမှာ အားသာချက်/ အားနည်း ချက်တွေရှိတာကို လက်ခံထားပြီး အားသာချက်တွေကို ထိထိမိမိအသုံးချတက်ရင်ပဲ Confidence ပိုကောင်းလာမှာ ဖြစ်ပါတယ်။
(၃) တခြားသူတွေနဲ့ နှိုင်းယှဉ်နေတာကို ရပ်လိုက်ပါ
Photo : Dan Bolton, LMHC
Self-Confidence ပျက်စီးစေတဲ့ အဓိကအကြောင်းအရင်း တစ်ခုကတော့ ကိုယ့်ကိုယ်ကိုနဲ့ တခြားသူတွေကို နှိုင်းယှဉ်ချိန်ဆတာပဲ ဖြစ်ပါတယ်။ တခြားသူတွေနဲ့ ကိုယ်ကိုယ့်ကို ယှဉ်ပြိုင်ကြိုးစားတယ်ဆိုတာဟာ ကောင်းမွန်တဲ့ စိန်ခေါ်မှုတစ်ခုပါ။ ဒါပေမယ့် ပြောင်းလဲလို့ မရနိုင်တဲ့အရာတွေ ၊ အခြေအနေအကြောင်းအရာတွေကို နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်ဝင်နေမယ်ဆိုရင်တော့ ဒါဟာ သင့်ကိုယ်သင် နွံထဲရောက်အောင် ဆွဲနစ်နေတယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် သူများတွေနဲ့ မလိုအပ်တဲ့အရာတွေကို နှိုင်းယှဉ်ပြိုင်ပြီး ကိုယ့်ဘဝကို အပြစ်တင်တက်တဲ့ အကျင့်ရှိရင် ဒီနေ့ပဲ စွန့်လွှတ်လိုက်ဖို့ အကြံပြုချင်ပါတယ်။
(၄) လူတွေရဲ့ အထင်အမြင်တွေကို မေ့ထားပါ
Photo : Entrepreneur
ပတ်ဝန်းကျင်ကို အရမ်းကြီးဂရုစိုက်နေတာဟာ သင်ကိုယ်သင် ယုံကြည်မှု Self-Confidence ကို ကျဆင်းစေသလို တက်လမ်းတွေကို ပိတ်ပင်ရာရောက်ပါတယ်။ လူတွေ ငါကိုဘယ်လိုမြင်မလဲ ၊ ဘယ်လိုမှတ်ချက်တွေ ပေးကြမလဲ ၊ ကောင်းတဲ့တုန့်ပြန့်မှုမျိုး ရပါ့မလား ၊ နှာခေါင်းရှုံ့ကဲ့ရဲ့ ကျမှာလား စတဲ့အတွေးတွေဟာ ကိုယ့်ရဲ့ ယုံကြည်မှုနဲ့ လုပ်နိုင်စွမ်းအားတွေကို အကြီးအကျယ် ပျက်စီးစေနိုင်ပါတယ်။ တစ်ခါတစ်လေမှာ အရေးမပါတဲ့ ပတ်ဝန်းကျင်ရဲ့ အထင်အမြင်တွေနဲ့ မှတ်ချက်တွေကိုလည်း မေ့ထားတက်ဖို့ လိုပါတယ်။
Featured Photo : The Wolf with a Keyboard | A stoic’s blog – WordPress.com