OnePlus ဟာ ၎င်းရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း OnePlus 10T ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ OEM က ယခုနှစ်အတွက် ၎င်းတို့ရဲ့ ဖြန့်ချီမှုဗျူဟာကို ပြောင်းလဲခဲ့ပြီး ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ Pro မဟုတ်တဲ့ စမတ်ဖုန်းကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ OnePlus 10T ဖုန်း ဟာ စျေးနှုန်းသက်သာစေဖို့အတွက် Specs တချို့ ကို လျော့ထားပေမယ့် တချို့နေရာတွေမှာတော့ OnePlus 10 Pro ဖုန်းထက်သာတဲ့ အချက်တွေရှိပါတယ်။

Photo : GSMArena.com

OnePlus 10T ဖုန်း ရဲ့ မျက်နှာပြင်ကတော့ OLED Display ဖြစ်ပြီး 1080 x 2412px Resolution ၊ 120Hz Refresh Rate နဲ့ HDR10+ Standard နဲ့ ကိုက်ညီတဲ့ 10-Bit Color Depth တို့ ထောက်ပံ့ပေးထားပါတယ်။ OnePlus 10 Pro ဖုန်းမှာလိုပဲ မျက်နှာပြင်အရွယ်အစား ၆.၇ လက်မရှိပြီး LTPO2 အစား ပုံမှန် OLED Panel ကို အသုံးပြုထားပါတယ်။

Photo : GSMArena.com

10 Pro ဖုန်းထက် သာလွန်တဲ့အချက် ၂ ခုအနက် ၁ ခုမှာ Chipset ဖြစ်ပါတယ်။ OnePlus 10T ဖုန်းမှာ Snapdragon 8+ Gen 1 Chipset ကိုမောင်းနှင်ထားပြီး 8GB သို့မဟုတ် 16GB RAM နဲ့ 128GB သို့မဟုတ် 256GB UFS 3.1 Storage ကို အသုံးပြုထားပါတယ်။ ဒါဟာ US ဈေးကွက်အတွက်ဖြစ်ပြီး India ဈေးကွက်မှာတော့ 12GB/256GB Storage အထိ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ OnePlus ဖုန်းတွေမှာ ပိုမိုကောင်းမွန်တဲ့ 3D Cooling System အသစ်ကိုလည်း ပြောင်းလဲအသုံးပြုထားပါတယ်။

Photo : GSMArena.com

OnePlus 10T ဖုန်း ကို ဈေးနှုန်းသက်သာစေဖို့အတွက် 10 Pro ဖုန်း နဲ့ယှဉ်ပါက ကင်မရာ Hardware ပိုင်းမှာတော့ သိသိသာသာ လျော့ချထားပါတယ်။ Ultrawide ကင်မရာနဲ့ 3x Telephoto Unit ကို အသုံးများတဲ့ 8MP Ultrawide နဲ့ 2MP Macro ကင်မရာတွေနဲ့ အစားထိုး တပ်ဆင်ပေးထားပါတယ်။ OnePlus 10 Pro ဖုန်း မှာပါတဲ့ Sony IMX766 Sensor ကို ပြန်လည်အသုံးပြုထားပြီး Wide f/1.8 Aperture နဲ့ Optically-Stabilized Lens တို့ကို တွဲဖက်တပ်ဆင် ပေးထားပါတယ်။

Selfie ကင်မရာအတွက်ကိုတော့ ကြီးမားတဲ့ 1.0µm Pixels နဲ့ f/.2.4 Aperture ပါရှိတဲ့ 16MP Sensor ကို ထည့်သွင်းပေးထားပါတယ်။


Photo : GSMArena.com

ဘက်ထရီ Hardware ပိုင်းမှာတော့ 160W Power Adapter နဲ့လာပြီး 150W SuperVOOC Charging စနစ်ထောက်ပံ့ပေးထာတဲ့ 4,800 mAh ဘက်ထရီ ပါဝင်ပါတယ်။ ဒါဟာ Realme GT Neo3 150W Edition မှာသုံးထားတဲ့ ဘက်ထရီနဲ့ အတူတူပါပဲ။ OnePlus 10T ဖုန်း ကို 110V Power Outlets ရှိတဲ့ နိုင်ငံတွေမှာ 125W အားသွင်းစနစ်နဲ့ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

OnePlus က Battery Health Engine လို့ ခေါ်တဲ့စနစ်ကိုလည်း မိတ်ဆက်ခဲ့ပြီး ဒါဟာ ရေရှည်မှာ ဘက်ထရီ ဆဲလ်တွေရဲ့ ယိုယွင်းမှုကို သိသိသာသာ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီဟာ Charging Cycles ၁၆၀၀ အားသွင်းပြီးချိန်မှာ ဘက်ထရီစွမ်းရည်ရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းသိမ်းပေးထားမှာ ဖြစ်ပါတယ်။

Photo : GSMArena.com

OnePlus 10T ဖုန်း ကို Moonstone Black နဲ့ Jade Green ၂ ရောင် ရွေးချယ်နိုင်မှာ ဖြစ်ပြီး ဩဂုတ်လ ၂၅ ရက်နေ့မှာ ဥရောပဈေးကွက်အတွက် Pre-Orders စတင်ကောက်ခံသွားမှာ ဖြစ်ပါတယ်။ 8/128GB မော်ဒယ်ကို ယူရို ၆၉၉ / ပေါင် ၆၂၉ (မြန်မာငွေ ၁၃ သိန်း ၂ သောင်းခန့်) ၊ 12/256GB မော်ဒယ်အတွက်ကိုတော့ ယူရို ၇၉၉/ပေါင် ၇၂၉ (မြန်မာငွေ ၁၅ သိန်း ဝန်းကျင်ခန့်) ကျသင့်မှာ ဖြစ်ပါတယ်။

US ဈေးကွက်မှာတော့ 8/128GB မော်ဒယ်အတွက် ဒေါ်လာ ၆၄၉ (မြန်မာငွေ ၁၂ သိန်း ဝန်းကျင်ခန့်) ၊ Upgraded Version အတွက်ကိုတော့ ဒေါ်လာ ၇၄၉ (မြန်မာငွေ ၁၃ သိန်း ၈ သောင်းခန့်) နဲ့ OnePlus ရဲ့ ကိုယ်ပိုင် Store ၊ Amazon နဲ့ Best Buy ဝက်ဘ်ဆိုဒ်တွေမှာ စက်တင်ဘာ ၁ ရက်နေ့ကစပြီး Preorders လက်ခံသွားမှာဖြစ်ကာ စက်တင်ဘာလ ၂၉ ရက်နေ့မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။

Featured Photo : Geekinteger