အိုင်ဒီယာအခြေပြု Startup စီးပွားရေးလုပ်ဖို့ ပြင်နေတယ်ဆိုရင် ကြိုပြီး စီစဉ်ရမယ့်ကိစ္စတွေ အများကြီးရှိပါတယ်။ အရှိန်ရပြီး အောင်မြင်ကြီးပွားတဲ့ Startup တစ်ခုအဖြစ် ကောင်းကောင်းကြီး လည်ပတ်လာနိုင်ဖို့အတွက် လုပ်ငန်း မစခင်မှာ ကြိုပြီး ပြင်ဆင်ထားသင့်တဲ့အချက်တချို့အကြောင်းကို ပြောပြချင်ပါတယ်။
(၁) ဈေးကွက်နယ်ပယ်ကို ကြိုသုံးသပ်လေ့လာပါ
Photo : Pexels
လုပ်ငန်းတစ်ခု လုပ်မယ်ဆိုရင် အဲ့ဒီလုပ်ငန်းထဲက ဘယ်အပိုင်း ဘယ်နေရာကို အဓိကထားပြီး စီးပွားရေးပစ်မှတ်အနေနဲ့ ကိုင်တွယ်မလဲကို အရင်ကြည့်သင့်တယ်လို့ ပြောကြပါတယ်။ ကိုယ်ရွေးလိုက်တဲ့ လုပ်ငန်းနယ်ပယ်ဟာ ကိုယ့်ရဲ့ ကျွမ်းကျင်မှု ၊ အတွေ့အကြုံနဲ့ အိုင်ဒီယာတို့ အံဝင်တဲ့ နေရာဖြစ်ဖို့ လိုပါတယ်။ တကယ်လို့ ကိုယ်ရွေးချယ်ထားတဲ့ နယ်ပယ်က ကိုယ့်အတွေ့အကြုံ ၊ ကျွမ်းကျင်မှုတို့နဲ့တင် မလုံလောက်တဲ့ ကဏ္ဍမျိုး ဖြစ်နေရင် နယ်ပယ်အလိုက် တကယ်ကျွမ်းကျင်တဲ့ ပညာရှင်တွေ ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဖို့ လိုပါတယ်။
(၂) ပြိုင်ဘက်တွေအကြောင်း လေ့လာပါ
Photo : Pexels
ဈေးကွက်တိုင်းမှာ လုပ်ငန်းတူ ၊ ဝန်ဆောင်မှုတူပေးတဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိပါတယ်။ စားသောက်ဆိုင်သစ်တစ်ခု ဖွင့်မယ်ဆိုရင် ကိုယ့်နယ်မြေထဲမှာ ရှိတဲ့ စားသောက်ဆိုင်စာရင်းကို ပြုစုရပါတယ်။ သူတို့ရဲ့ ထူးခြားတဲ့ ဟင်းလျာ ၊ ဈေးနှုန်း ၊ အပြင်အဆင်နဲ့ စားသုံးသူကို ဆွဲဆောင်မှုပုံစံတွေ လေ့လာထားဖို့ လိုပါတယ်။ လုပ်ငန်းတူ ပြိုင်ဘက်တွေအကြောင်း သိတာဟာ ကိုယ့်လုပ်ငန်းတိုးတက်ရေးအတွက် အရေးပါတဲ့ သုတေသနပြုမှုပဲ ဖြစ်ပါတယ်။
(၃) ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပါ
Photo : Pexels
ဆိုင်တစ်ခုခု မဖွင့်ခင် ကိုယ့်ကိုယ်ကိုယ် သေချာအောင် ပြန်ဆန်းစစ်ဖို့လည်း လိုပါတယ်။ လုပ်ငန်းတစ်ခုမှာ အိုင်ဒီယာကောင်းတစ်ခုရှိရုံနဲ့ အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး။ Plan ကောင်းကောင်း လိုပါတယ်။ ဒီ Plan ဆိုတဲ့အထဲမှာ ငွေကြေးလည်ပတ်မှု ၊ ငွေချေးငှားမှု ၊ ရင်းနှီးမြှပ်နှံမှု ၊ ဈေးကွက်ထိုးဖောက်မှု ၊ ဈေးကွက်ပေါ်လိုက်ပြီး ပြန်အစီအစဉ်ဆွဲဖို့ စတဲ့ စတဲ့ အချက်အလက်တွေပါ ထည့်တွက်ရတာပါ။ ကိုယ့်အိုင်ဒီယာက စီးပွားဖြစ်မှာပဲ ဆိုတဲ့ ထင်တစ်လုံးနဲ့ လုပ်ငန်းတစ်ခုကို ပစ်လုပ်လိုက်တာက မြန်မြန် အရှုံးပေါ်စေတဲ့ စီးပွားရေးလောင်းကစား ဆန်နိုင်ပါတယ်။
(၄) အပြင်က ရင်းနှီးမြှပ်နှံမှုကိစ္စလည်း ထည့်တွက်ပါ
Photo : Pexels
စီးပွားရေးတစ်ခုထဲမှာ အရေးပါတဲ့ လည်ပတ်မှုက ငွေကြေးပါ။ အလုပ်တစ်ခုလုပ်တဲ့အခါမှာ ပိုက်ဆံအဝင်အထွက်ဆိုတာ သင်ထင်ထားသလို ဖြစ်မလာတတ်ပါဘူး။ တစ်ခါတလေမှာ လုပ်ငန်းအနေနဲ့ ရှေ့လျှောက် ကောင်းဖို့ မြင်နေပေမယ့် ငွေမလိုက်နိုင်တော့လို့ တက်ခါနီး ပျက်သွားတဲ့ အဖြစ်တွေ ကြုံရတတ်ပါတယ်။ ဒီလို မဖြစ်ရအောင် အပြင်က ရင်းနှီးမြှပ်နှံသူတွေရဲ့ Funding ရရေးပါ ကြိုတွေးထားဖို့ လိုပါတယ်။
(၅) ပြင်ဆင်ပါ
Photo : Pexels
အခုပြောမယ့်အချက်က များတာကြောင့် ပြင်ဆင်မှုဆိုတဲ့ စကားနဲ့ပဲ ချုံပြောရမယ် ထင်ပါတယ်။ ဘာတွေ ပြင်ရမလဲဆိုရင် အခုထောင်မယ့်အလုပ်ကနေ ငွေဘယ်လို ဝင်အောင် စီစဉ်မယ် ၊ ကိုယ့်ထက် တတ်ကျွမ်းသူ/ဝါရင့်သူတွေဆီက ဘယ်လို အကြံတောင်းမယ် ၊ လုပ်ငန်းကို ဘယ်လို စတင်မယ် ၊ ဈေးကွက်ဖြန့်ဖြူးရေး/ဈေးကွက်မြှင့်တင်ရေး/ရှာဖွေရေးတွေကို ဘယ်လိုနည်းလမ်းနဲ့ လုပ်မယ် ၊ အစမ်းမော်ဒယ်အနေနဲ့ ဘယ်ပုံစံနဲ့ စမယ်ဆိုတာမျိုးတွေ ပုံစံချဖို့ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ လုပ်ငန်းတစ်ခုဟာ သူ့ဗီဇနဲ့သူ ဈေးကွက်ဖြစ်လာပြီး လူကပဲ ဝန်ဆောင်မှု ၊ ထုတ်ကုန်နဲ့ ဖောက်သည်ဆက်ဆံရေးဆိုင်ရာ အပိုင်းတွေမှာ ဆန်းသစ်အောင် ၊ စိတ်ကျေနပ်စရာကောင်းပြီး စိတ်ချရတဲ့ စီးပွားရေးမော်ဒယ်အဖြစ် ပုံဖော်သွားရတာပါ။ ဒါကြောင့် Startup မထောင်ခင် စီးပွားရေးမော်ဒယ်ကို သေချာရွေးချယ်ဖို့နဲ့ တကယ်တော်ပြီး ရေရှည်လက်တွဲနိုင်တဲ့ ပါတနာကောင်းရှာဖို့ပါ အကြံပြုလိုက်ရပါတယ်။
Featured Photo : Entrepreneur