အမှားတက အမှားတွေထဲမှာ သိမှတ်မှားတဲ့ အမှားက အဆိုးဆုံးလို့ ပြောရမှာပါပဲ။ အမှားကိုအမှန်မပြင်ပဲ လက်ဆင့်ကမ်းလာသ၍တော့ အချိန်ကြာလာတာနဲ့ အမှားကို အမှန်ထင်ပြီး ဒုက္ခနဲ့ လှလှတွေ့ရနိုင်ပါတယ်။ ဒီလိုပါပဲ လိင်မှုကျန်းမာရေး အသိပညာအားနည်းနေသေးတဲ့ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ Sexually Transmitted Diseases လို့ခေါ်တဲ့ လိင်ကနေ တစ်ဆင့်ကူးစက်တက်တဲ့ရောဂါတွေနဲ့ ပတ်သတ်ပြီး တချို့သော ထင်မှတ်မှားနေကြတဲ့ ယုံတမ်းစကားတွေ အများကြီး ရှိနေပါသေးတယ်။ ဒီဆောင်းပါးလေးမှာတော့ STD နဲ့ပတ်သတ်ပြီး ကွီးတို့ သိထားသင့်တဲ့ အမှားအမှန်တချို့ကို ခွဲခြမ်းစိတ်ဖြာ ဝေမျှပေးချင်ပါတယ်။
(၁) လူတစ်ယောက်မှာ ရောဂါရှိမရှိ အလွယ်တကူ သိနိုင်တယ်
Photo : DC News Now
လူတစ်ယောက်မှာ STDs ရောဂါ တစ်စုံတစ်ရာ ရှိ/မရှိကို မျက်စိနဲ့ကြည့်ပြီး တပ်အပ်ပြောလို့ရမနိုင်ပါဘူး။ လိင်ကနေ တဆင့်ကူးစက်တက်တဲ့ ရောဂါတိုင်းဟာ ထင်ရှားတဲ့ လက္ခဏာတွေ အမြဲမပြဘူးလို့ နားလည်ထားရပါမယ်။ တချို့ရောဂါအခြေအနေတွေဟာ သိသာထင်ရှားတဲ့ လက္ခဏာတွေ ပြပေမယ့် တချို့ကတော့ အချိန်အတော်ကြာတဲ့အထိ မသိသာတဲ့ လက္ခဏာ အသေးစားလေးတွေကိုသာ ပြတက်တဲ့ ရောဂါကူးစက်ခံရမှုတွေလည်း ရှိပါတယ်။ ဒီတော့ သံသယရှိတယ်ဆိုရင် တက်ကျွမ်းတဲ့ ဆရာဝန် သို့မဟုတ် ကျန်းမာရေးစင်တာတွေမှာ ဆေးစစ်မှု ခံယူမှ တိကျတဲ့ အဖြေရလဒ်ကို သိနိုင်မှာပါ။
(၂) ကွန်ဒုံးနှစ်ထပ်သုံးတာ ကာကွယ်မှုပိုရှိစေတယ်
Photo : Healthline
ကွန်ဒုံးသုံးရင် ရောဂါကူးစက်နိုင်ခြေကို အတိုင်းအတာတစ်ခုအထိ လျော့ကျစေနိုင်တယ်ဆိုတော့ နှစ်ထပ်သုံးရင် ပိုစိတ်ချရမလား? အဖြေကတော့ နိုးပါ။ ကွန်ဒုံးနှစ်ထပ်သုံးတာက STDs ကူးစက်မှုအတွက် ပိုမိုစိတ်ချမှုမရှိစေတဲ့အပြင် ပိုလို့တောင် ရောဂါကူးစက်ခံရနိုင်ခြေ များပါတယ်။ အကြောင်းကတော့ ကွန်ဒုံးနှစ်ထပ်သုံးမယ်ဆိုရင် ရာဘာအချင်းချင်းပွတ်တိုက်မှုကြောင့် ကွန်ဒုံးကွဲထွက်တာ သို့မဟုတ် ချော်ထွက်တာတွေ ဖြစ်နိုင်တဲ့အတွက် ကွန်ဒုံးတစ်ခုကိုပဲ မှန်ကန်တဲ့ နည်းလမ်းအတိုင်း သုံးတာအကောင်းဆုံး ဖြစ်မှာပါ။
(၃) ပါးစပ်နဲ့ ဆက်ဆံခြင်းကနေ STD မရနိုင်ပါ
Photo : Yasss
Oral Sex လို့ခေါ်တဲ့ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းဟာ လိင်ကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါပိုးတွေ မကူးနိုင်ဘူးလို့ ထင်ထားရင်တော့ လုံးဝမှားနေပါပြီ။ မိန်းမကိုယ် ၊ စအို ၊ ပါးစပ်နဲ့ဖြစ်စေ လိင်အင်္ဂါ အရေပြားနဲ့ Skin-To-Skin ထိတွေ့ဆက်ဆံမိရင် ဖြစ်စေ ရောဂါပိုး ကူးစက်ခံရနိုင်ခြေ ရှိနေပါတယ်။ ဒါအကြောင့် Oral လုပ်မယ်ဆိုရင်တောင် ဘေးကင်းစိတ်ချရဖို့ ကွန်ဒုံး ဒါမှမဟုတ် Dental Dams တွေကို သုံးပေးဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
(၄) STDs အားလုံးက ကုသရ လွယ်တယ်
Photo : First Derm
ဆေးပညာတိုးတက်လာတာနဲ့အမျှ ရောဂါအမျိုးမျိုးအတွက် ကာကွယ်ဆေး ၊ ကုသနည်းတွေ အများရှိနေပေမယ့် STDs ခေါ် လိင်မှတဆင့်ကူးစက်နိုင်တဲ့ ရောဂါတွေအတွက်တော့ လွယ်ကူစွာကုသနိုင်ဦးမှာ မဟုတ်ပါဘူး။ STDs အနွယ်ဝင် ကလဲမိုက်ဒီးယား (Chlamydia) လို ကုသရလွယ်တဲ့ ရောဂါတွေရှိသလို HIV အပါအဝင် အခြား ကုသရခက်တဲ့ တစ်နည်းအားဖြင့် အရှင်းပျောက်ကင်းအောင် ကုသဖို့ဆေးမရှိသေးတဲ့ ရောဂါတွေလည်း အများကြီး ရှိနေတယ်ဆိုတာကို သိထားရပါမယ်။
(၅) ကွန်ဒုံးရှိရင် STDs အားလုံးငြိမ်းတယ်
Photo : ReachOut Australia
အမှန်တရားကိုပြောရမယ်ဆိုရင်တော့ ကွန်ဒုံးဟာ STDsအားလုံးကို မကူးစက်အောင် တားဆီးပေးနိုင်စွမ်း မရှိပါဘူး။ ကွန်ဒုံးသုံးသည်တိုင်အောင် STDs ခေါင်းစဉ်အောက်က HPV နဲ့ လိင်အင်္ဂါရေယုန်လို ကူးစက်ရောဂါတွေကို လိင်အင်္ဂါတစ်ဝိုက် ဘယ်နေရာမှာမဆို တွေ့နိုင်ပါတယ်။ အကြောင်းကတော့ ကွန်ဒုံးဟာ လိင်အင်္ဂါတဝိုက် အရေပြားအားလုံးကို ဖုံးအုပ်ကာကွယ်ပေးထားတာ မဟုတ်တဲ့အတွက် ကူးစက်နိုင်ခြေကို ဖြစ်ပေါ်စေတာပါ။ သို့သော် ဒါဟာ ကွန်ဒုံးသုံးလည်း ဘာထူးမှာလဲဆိုတဲ့ အသိကို ရိုက်သွင်းနေခြင်း မဟုတ်ပါ။ ကွန်ဒုံးဟာ လိင်ဆက်ဆံမှုတိုင်းမှာ မရှိမဖြစ်လိုအပ်ပြီး မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေနဲ့ STDsရောဂါကူးစက်မှုတွေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနေမှာ ဖြစ်ပါတယ်။
(၆) ပါတနာ တစ်ယောက်ပဲရှိရင် STDs မရနိုင်ဘူး
Photo : One Medical
ကံမကောင်းစွာပဲ သင့်မှာ လိင်ဆက်ဆံဖော် တစ်ယောက်တည်းပဲ ရှိတယ်ဆိုရင်တောင် လိင်မှတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေအတွက် အပြည့်အဝစိတ်ချလို့ မရနိုင်ပါဘူး။ အကယ်၍ သင်ရောသင့်ပါတနာ နှစ်ဦးစလုံးဟာ ယခင်က တခြားတစ်စုံတစ်ယောက်နဲ့ လိင်ဆက်ဆံမှု မပြုလုပ်ခဲ့ဖူးဆိုပါက ဖြစ်နိုင်ခြေ နည်းပါတယ်။ ဒါပေမယ့်လည်း HPV လို အရေပြားချင်း ထိတွေ့ရုံကနေ အလွယ်တကူ ကူးစက်နိုင်တဲ့ အဖြစ်များတဲ့ ရောဂါတွေ ရှိနေသေးတာကြောင့် ပါတနာတစ်ယောက်တည်းနဲ့ပဲ နေတယ်ဆိုရင်တောင် ရာနှုန်းပြည့် စိတ်ချယုံကြည်လို့ မရနိုင်တာ အမှန်ပါ။
(၇) STDs ရောဂါနှစ်ခု တစ်ပြိုင်နက် မရနိုင်ဘူး
Photo : Family Medicine Austin
ဒီအတွက် အဖြေကတော့ နိုးပါပဲ။ STDsရောဂါတွေဟာ တစ်ချိန်တည်းမှာပဲ ရောဂါနှစ်ခု တစ်ပြိုင်နက် ကူးစက်ခံရနိုင်ပါတယ်။ တကယ်တော့ STDရောဂါတစ်မျိုးရှိနေပြီဆိုရင် နောက်ထပ်ရောဂါတစ်မျိုး ကူးစက်ခံရဖို့ ပိုလွယ်ကူစေနိုင်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် လိင်အင်္ဂါကြွက်နို့ ရှိပါက HIV ရောဂါပိုး သင့်ခန္ဓာကိုယ်ထဲကို ပိုမိုလွယ်ကူစွာ ဝင်ရောက်နိုင်ပါတယ်။ ကလဲမိုက်ဒီးယားနဲ့ ဂနိုရီးယား ရောဂါတို့ဆိုရင်လည်း မကြာခဏ တွဲပေါ်လေ့ရှိပါတယ်။ ဒါကြောင့် STDsရောဂါနှစ်ခုကို တစ်ပြိုင်နက် မရနိုင်ဘူး ဆိုတာဟာ မှားယွင်းနေတဲ့ယုံတမ်းစကားတစ်ခုသာ ဖြစ်ပါတယ်။
ကွီးတို့အနေနဲ့ လိင်ကနေ တစ်ဆင့်ကူးစက်တက်တဲ့ ရောဂါတွေနဲ့ပတ်သတ်ပြီး အမှတ်မှား ၊ အသိမှားထားတာတွေ ရှိတယ်ဆိုရင် ဒီဆောင်းပါးလေးကနေတဆင့် မှန်ကန်တဲ့အကြောင်းအရာ အချက်အလက်တချို့ကို သိသွားလိမ့်မယ် လို့ မျှော်လင့်ပါတယ်။
Featured Photo : NBC News