လေ့ကျင့်ခန်း လုပ်ခြင်းဟာ စိတ်ဖိစီးမှု လျော့ကျစေမယ့် အထိရောက်ဆုံး နည်းလမ်းတစ်ခုပါပဲ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတိုင်းက ကိုယ်ရော စိတ်ပါ ကျန်းမာကြံ့ခိုင်စေဖို့ အထောက်အပံ့ ဖြစ်စေပြီး ဒီထဲမှာမှ စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူ ပိုဖြစ်စေမယ့် အားကစားနည်းတွေ ရှိပါတယ်။ ကွီးတို့က နေ့စဉ် စိတ်ဖိစီးမှုတွေနဲ့ ရုန်းကန်နေရသူ တစ်ယောက်ဆိုရင်တော့ အခုပြောပြမယ့် ကျွမ်းကျင်သူတွေ ညွှန်းပေးထားတဲ့ Stress လျော့ချပေးမယ့် အကောင်းဆုံး အားကစားနည်းတွေကို ပြုလုပ်နိုင်ပါတယ်။

(၁) အပြေး

Photo : iStock

အပြေးလေ့ကျင့်ခန်းဟာ အမြန်ဆုံးစိတ်ဖိစီးမှု လျော့ကျစေမယ့် အကောင်းဆုံး အားကစားနည်းတစ်ခုပါ။  ပြေးတာ၊ လှေကားထစ်တွေကို ခပ်မြန်မြန် ပြေးတက်ပြေးဆင်းလုပ်တာတွေက မိနစ်ပိုင်းအတွင်း စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ပါတယ်။ မနက်ခင်း စောစော နဲ့ ညနေခင်းတွေလို အချိန်တွေမှာ အပြေးလေ့ကျင့်ခန်းလုပ်တာ အကောင်းဆုံး ဖြစ်ပါတယ်။

(၂) တင်းနစ်

Photo : iStock

စိတ်ဖိစီးမှု လျော့ကျစေတဲ့ အားကစားနည်းတွေထဲမှာ တင်းနစ်ကစားနည်းကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ တင်းနစ်ကစားတဲ့အခါ လက်မောင်းကြွက်သားတွေကို အဓိကအသုံးပြုရတာ ဖြစ်တာကြောင့် ကြွက်သားများ ကြံ့ခိုင်သန်မာစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ဒါတင်မကသေးပါဘူး ကွင်းထဲမှာ ရှေ့နောက်ဘယ်ညာ လိုအပ်သလို ပြေးလွှားပြီး  ကစားရတဲ့အတွက် သက်လုံကောင်းစေပြီး အမောလည်းခံနိုင်လာမှာ ဖြစ်ပါတယ်။

(၃) လက်ဝှေ့

Photo : iStock

ယောကျာ်းလေးအများစု ကြိုက်နှစ်သက်တဲ့ အားကစားနည်းတစ်ခု ဖြစ်သလို စိတ်ဖိစီးမှုလျော့ကျစေမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။  လက်ဝှေ့ ကစားတဲ့အခါ ခန္ဓကိုယ်တစ်ခုလုံးကို ပြင်းပြင်းထန်ထန် လှုပ်ရှားရတာကြောင့် ချွေးထွက်များစေပြီး  ကယ်လိုရီအများအပြားကို လောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။ တစ်နေ့ကို ၁ နာရီခန့် လက်ဝှေ့ကစားပေးရုံနဲ့ အဆီကျလှပပြီး စိတ်ဖိစီးမှုတွေ လျော့ကျသွားစေမှာပါ။

(၄) လှေလှော်

Photo : iStock

စွန့်စွန့်စားစား အားကစားနည်းတွေ ကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် လှေလှော်ကစားနည်း အသင့်တော်ဆုံး ဖြစ်ပါတယ်။ တစ်ဦးတည်း ကစားနိုင်သလို အဖွဲ့လိုက်လည်း အပေးအယူမျှမျှ လှော်ခတ်လို့ ရပါတယ်။ လက်မောင်းကြွက်သားတွေကို အသုံးပြုပြီး အားသွန်ခွန်စိုက်ပြုလုပ်ရတဲ့ ကစားနည်းဖြစ်တာကြောင့် ကြွက်သားများကျစ်လစ်သန်မာစေပြီး စိတ်ကြည်လင်ပေါ့ပါးကာ စိတ်ဖိစီးမှုလျော့ကျစေမှာ ဖြစ်ပါတယ်။

Featured Photo : New York Tennis Magazine