မဝတ်ဖြစ်တော့တဲ့ T-Shirt အဖြူ တွေကို ဗီရိုထဲမှာ ဒီတိုင်း ချောင်ထိုးထားတုန်းပဲလား။ ဒါဆိုရင်တော့ T-Shirt အဖြူ တွေကို တဖန်ပြန်လည် သစ်လွင်တောက်ပပြီး လူငယ်ဆန်ဆန် အထာကျကျ ဝတ်လို့ရမယ့် ရေစိုစတိုင် Tie Dye ပြုလုပ်နည်းလေး မျှဝေပေးချင်ပါတယ်။ DIY နည်းလမ်းလေး ဖြစ်တာကြောင့် ကွီးတို့ အိမ်မှာပဲ ကိုယ်တိုင် Tie Dye ပြုလုပ်နိုင်ပါတယ်။ ကဲဒါဆို Tie Dye လုပ်ဖို့ လိုအပ်မယ့် ပစ္စည်းတွေနဲ့ ပြုလုပ်နည်း အဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

Photo : The Adair Group

လိုအပ်တဲ့ ပစ္စည်းများ

  • T-Shirt အဖြူ (၁၀၀ ရာခိုင်နှုန်း ချည်သား) – ၁ ထည်
  • ဆိုးဆေး – နှစ်သက်ရာ အရောင် ၂ မျိုး
  • သရေကွင်း – ၃ ကွင်း
  • အေပရွန် – ၁ ထည်
  • ဇစ်အိတ် – ၁ လုံး
  • ခရင်း – ၁ ချောင်း
  • လက်အိတ် – ၁ စုံ

ပြုလုပ်နည်းအဆင့်ဆင့်

Photo : Pinterest

Tie Dye ပြုလုပ်နည်း စတိုင်ပုံစံကွဲတွေ များစွာရှိတဲ့အထဲကမှ အခုပြောပြမယ့် နည်းလမ်းလေးကတော့ တော်တော်များများ အဝတ်များပြီး လှလည်းလှတဲ့ Spiral Method လို့ခေါ်တဲ့ ခရုလိပ်ပုံ ရေစို T-Shirt ပြုလုပ်နည်းလေး ဖြစ်ပါတယ်။

အရင်ဆုံး T-Shirt အဖြူ ကို ဆိုးဆေးကောင်းကောင်း ထင်စေဖို့ T-Shirt အဖြူ ပေါ်မှာ ဆီ သို့မဟုတ် အညစ်အကြေးတွေ မရှိစေရန် ရေနွေးဖြင့် ဆေးကြောပေးပါ။

ဆိုးဆေးတွေက အမှုန့်အနေနဲ့ လာတာများတဲ့အတွက် အသုံးမပြုခင်မှာ ပုလင်းအပြည့်ရေဖြည့်ပြီး ဆေးမှုန့်တွေ ပျော်ဝင်သွားတဲ့အထိ မိနစ်အနည်းငယ်ကြာ ကောင်းကောင်း ရှိတ်ပေးရပါမယ်။ အရောင်ဖျော့ချင်ရင်တော့ ဆေးမှုန်အနည်းငယ်ကို ခွဲထုတ်ပြီးမှ ရေနဲ့ ဖျော်ပေးပါ။

Tie Dye ပြုလုပ်မယ်ဆိုရင် ခန္ဓာကိုယ်နဲ့ လက်အရေပြားကို ဆေးမထိစေဖို့ အေပရွန်နဲ့ လက်အိတ် မဖြစ်မနေ ဝတ်ပေးရပါမယ်။

ပထမအဆင့်အနေနဲ့ Tie Dye ပြုလုပ်မယ့် T-Shirt အဖြူကို စားပွဲ သို့မဟုတ် ပြန့်ပြန့်ပြူးပြူးရှိတဲ့ မျက်နှာပြင်ပေါ်မှာ သေချာ ဖြန့်ခင်းထားပါ။ ပြီးရင် ခရင်းနဲ့ T-Shirt ရဲ့ အလည်ဗဟို တည့်တည့်ကိုထောက်ပြီး လက်ယာရစ် တင်းတင်းကြပ်ကြပ် ရစ်ပတ်ကာ ခရုပတ်ပုံစံဖြစ်အောင် ပြုလုပ်ပေးရပါမယ်။

ပြီးရင်တော့ ခရုပတ်ပုံဖြစ်နေတဲ့ T-Shirt အထုပ်ကို သရေကွင်း ၃ ကွင်းနဲ့ ၆ ကွက်ပုံစံ အချိုးအစား ညီညီစည်းပေးပါ။ ၁ ကွက်ခြားစီကို အရောင် ၁ ရောင်နှုန်းနဲ့ ဆိုးဆေးအရည် လောင်းပေးရပါမယ်။ ပြီးတဲ့အခါ နောက်တစ်ဖက်ကိုလှန်ပြီး အလားတူ ၁ ကွက်ခြားစီ ဆိုးဆေးအရည် ထပ်မံ လောင်းပေးရပါမယ်။ နောက်ဆုံးအဆင့်အနေနဲ့ လေလုံတဲ့ ဇစ်အိတ်ထဲမှာ ၆ နာရီကနေ ၈ နာရီလောက်ထားပြီး ရေလျှော်လိုက်တာနဲ့ တကယ်ကိုပဲ လှပတဲ့ DIY Tie Dye ရေစို Tie Dye လေး ရပါပြီ။

Featured Photo : Parents