ဒီနေ့ခေတ် စမတ်ဖုန်းအားလုံးနီးပါးမှာ ဖြုတ်တပ်မရတဲ့ ဘက်ထရီအသေတွေကို အသုံးပြုနေကြပေမယ့် TCL ကတော့ Ion X လို့ နာမည်ပေးထားတဲ့ ဖြုတ်တပ်လို့ရတဲ့ ဘက်ထရီအရှင်ပါတဲ့ ဖုန်း ကို တကြော့ပြန် မိတ်ဆက်လာခဲ့ပါတယ်။

TCL Ion X

Photo : Phandroid

TCL Ion X ဖုန်းမှာ ဖြုတ်တပ်နိုင်တဲ့ 3,000 mAh ဘက်ထရီပါဝင်လာပြီး အချိန်ကြာလို့ ဘက်ထရီ ပျက်စီးသွားနဲ့ အသစ်တစ်လုံး ပြန်လည်လဲလှယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အားအပြည့်သွင်းထားတဲ့ ဘက်ထရီအပိုတစ်လုံး ဆောင်ထားမယ်ဆိုရင် အားကုန်သွားတာနဲ့ ဘက်ထရီနောက်တစ်လုံးနဲ့ ချက်ချင်းအစားထိုး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကတော့ ဖြုတ်တပ်နိုင်တဲ့ ဘက်ထရီတွေမှာသာ ရနိုင်တဲ့ အမြန်ဆုံးအားပြန်သွင်းပြီး သုံးနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းပါ။

TCL Ion X ဖုန်းမှာ ဖြုတ်တပ်နိုင်တဲ့ ဘက်ထရီအပြင် Storage ထပ်တိုးဖို့အတွက် microSD Card Slot နဲ့ 3.5mm နားကြပ်ပေါက်လည်း ပါဝင်လာပါတယ်။ Helio G25 SoC မောင်းနှင်ထားပြီး 3GB RAM နဲ့ 32GB Storage ( 512GB အထိ ထပ်တိုးနိုင်) ထည့်သွင်းပေးထားပါတယ်။ Android Version ဘယ်လောက်သုံးထားတယ်ဆိုတာတော့ မသိရသေးပေမယ့် ၆ လက်မ HD မျက်နှာပြင် တပ်ဆင်ပေးထားပါတယ်။ ကျောဘက်မှာ 13MP ကင်မရာနဲ့ အရှေ့ဘက်မှာ 5MP ဆယ်လ်ဖီ ကင်မရာတို့ ပါရှိပြီး ကင်မရာ နှစ်ခုလုံးဟာ 1080p ဗီဒီယိုတွေကို 30 FPS နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ TCL Ion X ဖုန်း မှာ Bluetooth 5.1 နဲ့ USB-Type C အားသွင်းပေါက်တို့ ပါရှိပေမယ့် 5G Networks တော့ Support မပေးထားပါဘူး။

TCL Ion X

Photo : Android Central

TCL Ion X ဖုန်းကို ယူအက်မှာ ဒီနေ့ကစပြီး ဒေါ်လာ ၁၁၉ ( မြန်မာငွေ ၂ သိန်း ၅ သောင်း ဝန်းကျင်ခန့်) နဲ့ Metro ကနေ ဝယ်ယူလို့ရပြီ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဘက်ထရီအသေနဲ့စမတ်ဖုန်းတွေ အသုံးများနေတဲ့ ဒီနေ့ခေတ်မှာ ဖြုတ်တပ်နိုင်တဲ့ ဘက်ထရီအရှင်နဲ့ တကြော့ပြန် တခေတ်ဆန်းလာတဲ့ TCL Ion X ဖုန်းကို ဝယ်ကိုင်ဖြစ်လောက်မလား။

Featured Photo : GSMArena.com