ဆောင်းတွင်းကြီး ချမ်းချမ်းစီးစီး အိပ်ရာစောစောထလို့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်နေသူတွေကို တွေ့တိုင်း ဘာကြောင့်များ အိပ်ရာထဲ နှပ်မနေဘဲ လမ်းပေါ်ထွက် လေ့ကျင့်ခန်းလုပ်နေကြပါလိမ့်လို့ တွေးမိဖူးကြမှာပါ။ တကယ်က မနက်ခင်းမှာ အားကစားလုပ်ခြင်းဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်ဆိုတာကို သူတို့ သိကြလို့ ဖြစ်ပါတယ်။ ဆောင်းရာသီလို အေးတဲ့ ရာသီမျိုးမှာ Workout လုပ်ခြင်းအားဖြင့် အခုပြောမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရနိုင်တယ်လို့ သိပ္ပံနည်းကျအထောက်အထားတွေက ဖော်ပြကြပါတယ်။

(၁) ကယ်လိုရီ ပိုလောင်ကျွမ်းစေခြင်း

workout

Photo : AskMen

လူရဲ့ ကိုယ်ခန္ဓာအတွင်းမှာ အဆီအမျိုးမျိုး သိုလှောင်ထားကြပါတယ်။ အဖြူရောင်နဲ့ အညိုရောင် အဆီ White & Brown Fat ဆိုတာက ကျန်းမာရေးလိုက်စားသူတွေ သိကြပါတယ်။ အဖြူရောင် White Fat က အပိုစွမ်းအင်ကို သိုလှောင်ပြီး Brown Fat က စွမ်းအင်ကို လောင်ကျွမ်းပြီး ကိုယ်တွင်းအပူချိန်ကို ထိန်းညှိပါတယ်။ Brown Fat ဟာ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ကယ်လိုရီတွေ လောင်ကျွမ်းစေပြီး အစာစားချင်စိတ်ကို ထိန်းညှိနိုင်ပါတယ်။ ရာသီဥတုအေးချိန်မှာ အားကစားလုပ်သူတွေဟာ Brown Fat ပိုထွက်လို့ ကယ်လိုရီလောင်ကျွမ်းမှု ပိုအားကောင်းတတ်ပါတယ်။

(၂) ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေကို အထောက်အကူပြုခြင်း

Running

Photo : Unsplash

သက်လုံနဲ့ ခံနိုင်ရည်ကောင်းချင်ရင် မနက်စောစော လေ့ကျင့်ခန်းလုပ်ကြည့်ဖို့ တိုက်တွန်းကြပါတယ်။ လေ့လာမှုတွေအရ နွေးထွေးတဲ့ အပူချိန်မျိုးမှာ သက်လုံစွမ်းဆောင်ရည် ကျဆင်းတတ်ပြီး ရာသီဥတု အေးတဲ့အချိန်မျိုးမှာ စွမ်းဆောင်ရည် ပိုတက်လာစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရာသီဥတု အပူချိန်ကလည်း သက်လုံစွမ်းဆောင်ရည်ဆိုင်ရာ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေအတွက် အထောက်အပံ့ဖြစ်စေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

(၃) ဇီဝကမ္မဖြစ်စဉ်တွေ ပိုလှုံ့ဆော်နိုင်ခြင်း

On The Road

Photo : Unsplash

အားကစားလုပ်ခြင်းဟာ ဇီဝကမ္မဖြစ်စဉ်ကို ပိုပြီး ကောင်းမွန်အောင် နှိုးဆွပေးပါတယ်။ ဇီဝကမ္မဖြစ်စဉ်ဆိုတာ လူတွေ ပြေးလွှား လှုပ်ရှားဖို့ လိုအပ်တဲ့စွမ်းအင်ကို အထောက်အပံ့ပေးတဲ့ ကဏ္ဍပဲ ဖြစ်ပါတယ်။ အပေါ်ဆုံးမှာ ပြောခဲ့တဲ့ Brown Fat ဟာ ရာသီဥတုအေးလာချိန် ခန္ဓာကိုယ်က ထွက်လာပြီးနောက် သွေးတွင်းသကြားဓါတ်နဲ့ အဆီမော်လီကျူးတွေကို ဖြိုခွဲပါတယ်။ ဒီနည်းနဲ့ ကျန်းမာတဲ့ ဇီဝကမ္မဆိုင်ရာ အရွေ့ကို ဖန်တီးလိုက်တာပါ။

(၄) စိတ်ကျန်းမာရေး ပိုကောင်းမွန်စေခြင်း

Holding Shoes

Photo :Unsolash

အားကစားသမားတွေအတွက် အားကစားပွဲမှာ အနိုင်ရဖို့ စိတ်ပိုင်းဆိုင်ရာကျန်းမာနေဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့်ပဲ သူတို့ရဲ့ Trainer တွေဟာ အားကစားသမားတွေအတွက် လုပ်ဆောင်ရမယ့်လေ့ကျင့်ခန်းအပြင် အစားအသောက် ၊ အနေအထိုင်နဲ့ အားကစားလုပ်တဲ့အချိန်ကိုပါ စည်းစနစ်နဲ့ သေချာကြပ်မတ်လေ့ကျင့်သင်ကြားကြတာ ဖြစ်ပါတယ်။ လေ့လာမှုတချို့နဲ့ သီအိုရီတွေအရ စွမ်းအင်ဟာ ကိုယ်ခန္ဓာစနစ်အေးနေတဲ့အချိန် ဂလူးဂို့စ်ပုံစံနဲ့ စွမ်းအင်ပို ရယူနိုင်တယ်လို့ တွေ့ထားရပါတယ်။ တစ်နည်းအားဖြင့် ဦးနှောက် လုပ်ဆောင်ချက်ပိုင်းကို လောင်စာလို အထောက်အပံ့ပေးနိုင်တာကြောင့် မှတ်ဉာဏ်နဲ့ စိတ်ပိုင်းတက်ကြွနိုးကြားမှုကို ရာသီဥတုအေးချိန် အားကစားလုပ်ခြင်းကနေ လှုံ့ဆော်နိုင်တယ်လို့ ယူဆရမှာ ဖြစ်ပါတယ်။

Featured Photo : washingtonpost