နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းပြုလုပ်တာက စိတ်ဖိစီးမှုလျော့နည်းကာ လန်းဆန်းပေါ့ပါးပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကိုရရှိစေပါတယ်။ ဒါပေမယ့် တချို့အလုပ်များတဲ့သူတွေအနေနဲ့တော့ လေ့ကျင့်ခန်းလုပ်ဖို့ကိုအချိန်မပေးနိုင်ကြပါဘူး။ ဒါဆိုမအားမလပ်တဲ့သူတွေအတွက် ကျန်းမာခြင်းဆိုတာ မရှိနိုင်တော့ဘူးလား။ အဖြေကတော့နိုးပါ။ အချိန်မရတဲ့သူတွေအနေနဲ့ အခုပြောပြမယ့်လေ့ကျင့်ခန်းတွေကို အိမ်မှာတင်လွယ်လွယ်ကူကူလုပ်ဆောင်နိုင်ပါတယ်။

ဒိုက်ထိုးလေ့ကျင့်ခန်း

Source : T3.com

ဒိုက်ထိုးလေ့ကျင့်ခန်းကတော့ အမျိုးသားအများစုနဲ့ ရင်းနှီးပြီးသားလေ့ကျင့်ခန်းတစ်ခုပါ။ ဒိုက်ထိုးလေ့ကျင့်ခန်းဟာ ရင်အုပ်၊ လက်မောင်နဲ့ ပုခုံးတဝိုက်က ကြွက်သားတွေကိုအဓိက အသုံးပြုပြီးပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ရင်အုပ်ကားကားနဲ့ အထာကျတဲ့ အမျိုးသားတစ်ယောက်ဖြစ်ချင်ရင်တော့ နေ့စဉ်ပုံမှန် ဒိုက်ထိုးလေ့ကျင့်ခန်းကိုပြုလုပ်ပေးသင့်ပါတယ်။ ဒိုက်ထိုးလေ့ကျင့်ခန်းပြုလုပ်ရာမှ ခါးကိုမတ်မတ်ထားပြီး လက်မောင်းကြွက်သားတွေကို အသုံးပြုကာပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ (၁၅) ကြိမ် လေးခေါက်ပြုလုပ်ပေးရပါမယ်။

ထိုင်ထလေ့ကျင့်ခန်း

Source : Coach

ထိုင်ထလေ့ကျင့်ခန်းဟာ ဘယ်ပစ္စည်းကိရိယာမှ အသုံးပြုစရာ မလိုပဲ လွယ်လွယ်ကူကူပြုလုပ်လို့ရတဲ့ အိမ်တွင်းလေ့ကျင့်ခန်း တစ်ခုပါ။ အဓိကအားဖြင့် ခြေသလုံး၊ ပေါင်နဲ့ တင်ပါးနေရာက ကြွက်သားတွေ သန်မာလာစေမှာဖြစ်ပါတယ်။ လက်နှစ်ဖက်ကို အရှေ့ဘက်ဆန့်ထုတ်ပြီး ပေါင်နဲ့ တင်ပါးနေရာက ကြွက်သား တွေကို အဓိကအားပြုကာ ထိုင်ထပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို (၂၀) လေးခေါက်ပြုလုပ်ပေးပါ။

ကြိုးခုန်လေ့ကျင့်ခန်း

Source : Amazon.es

ကြိုးခုန်လေ့ကျင့်ခန်းဟာ လွယ်လွယ်ကူကူနဲ့ အိမ်မှာပဲ ပြုလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ကယ်လိုရီလောင်ကျွမ်းနှုန်းလည်း ပိုများတာကြောင့် ကိုယ်အလေးချိန်လျော့နေတဲ့ သူတွေအတွက် အထူးသင့်တော်ပါတယ်။ ကြိုးခုန်လေ့ကျင့်ခန်းကတော့ အဓိကအားဖြင့် ခန္ဓာကိုယ်အောက်ပိုင်းက ကြွက်သားတွေသန်မာလာစေမှာဖြစ်ပြီး ခြေသလုံးနဲ့ ပေါင်ရင်းက ကြွက်သားတွေအတွက် အရမ်းကိုအထောက်ကူဖြစ်စေပါတယ်။ ကြိုးခုန်လေ့ကျင့်ခန်းကတော့ အရမ်းလည်းမြန်စရာမလိုဘဲ မှန်မှန်နဲ့ စည်းချက်ကျကျ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ (၃၀) လေးခေါက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

အိပ်ထမတင်လေ့ကျင့်ခန်း

Source : min.news

အိပ်ထမတင် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်မယ်ဆိုရင် ဝမ်းဗိုက်တဝိုက်က အဆီပိုတွေ ဖယ်ရှားပေးနိုင်မှာဖြစ်ပြီး နေ့စဉ်ပြုလုပ်မယ်ဆိုပါက ဗိုက်ချပ်လှပကာ ယောကျာ်းလေးတိုင်းအိပ်မက်မက်ရတဲ့ Six Pack ကြွက်သားတွေတောင်ထွက်လာနိုင်မှာဖြစ်ပါတယ်။ အဆိုပါ လေ့ကျင့်ခန်းပြုလုပ်ရာမှာတော့ အဓိကအားဖြင့် ဝမ်းဗိုက်ကြွက်သားတွေကို ညှစ်ကာအိပ်ထမတင် ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ (၂၀) လေးခေါက်ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။