အားကစားလုပ်ပြီးပြီးချင်း နေလို့ထိုင်လို့ မကောင်း ဖြစ်ဖူးရင် ကိုယ်တစ်ယောက်တည်း ဖြစ်တာမဟုတ်ဘူးဆိုတာ သိလိုက်ပါ။ ကြံ့ခိုင်မှုအားနည်းလို့ ဖြစ်တာလည်း မဟုတ်ပါဘူး။ တကယ်တော့ သွေးစီးဆင်းမှုနဲ့ ဆိုင်တယ်လို့ အင်ဒီယားနားပြည်နယ် စိန့်ဂျိုးဆက် ဒေသန္တရဆေးဝါးစင်တာက အားကစားနဲ့ဆိုင်တဲ့ ကျန်းမာရေးကျွမ်းကျင်သူ စတီဖင်ဆိုင်မွန်က ပြောပါတယ်။

အားကစားလုပ်တဲ့အချိန်မှာ အူလမ်းကြောင်းထဲက သွေးစီးဆင်းမှုပုံစံ ပြောင်းသွားပြီး အလုပ်လုပ်နေတဲ့ ကြွက်သားတွေဆီ ရောက်သွားရာကနေ ဒီအပြောင်းအလဲကြောင့် အားကစားလုပ်ပြီးချိန်မှာ လူက ပျို့ချင်အန်ချင်သလို ဖြစ်လာတာလို့ ဆိုပါတယ်။ အားကစားလုပ်တာ ပြင်းထန်လေလေ အန်ချင်စိတ်ကလည်း များလာလေလေပါပဲ။

man-tired-after-weightlifting-gym

Photo: Freepik

အားကစားဇီဝကမ္မပညာရှင် ဂျိုးလ်ဆိဒ်မန်းကတော့ ကြွက်သားတွေ အလုပ်များများလုပ်လေလေ အောက်ဆီဂျင်ပိုလိုအပ်လေလေဖြစ်ပြီး အောက်ဆီဂျင်လိုအပ်ချက်နဲ့ အားကစားရဲ့ ပြင်းထန်မှု ဟန်ချက်မမျှရင် ကိုယ်တွင်းထဲကနေ ဟိုက်ဒရိုဂျင်အိုင်ယွန် ၊ ကာဘွန်ဒိုင်အောက်ဆိုဒ် နဲ့ လက်စ်တစ်အက်ဆစ်လိုမျိုး ဇီဝကမ္မစွန့်ပစ်ပစ္စည်းတွေ ပိုထွက်လာတာပဲလို့ ရှင်းပြပါတယ်။

အားကစားလုပ်ပြီး အန်ချင်စိတ်ဖြစ်တာ Post-Workout Nausea ကို ကာကွယ်ဖို့အတွက် အားကစားမလုပ်ခင် စားတဲ့ အစားအသောက်ကလည်း အရေးပါပါတယ်။ Workout လုပ်ခါနီး သိပ်ကပ်ပြီးမှ အစာစားလိုက်ရင် အစာချေစနစ်ဟာ အူတွင်းထဲက အစာတွေ ချေဖျက်ဖို့ အချိန်အလုံအလောက်မရတာကြောင့် အန်ချင်စိတ်ဖြစ်တတ်ပါတယ်။ အားကစားလုပ်တာနဲ့ သိပ်ကို အချိန်ခြားလွန်းပြီးမှ စားရင်လည်း ဆာလောင်တာ ၊ အားမရှိသလို ခံစားရတာမျိုး ဖြစ်တတ်ပါတယ်။

Relaxing after training

Photo: Freepik

“Workout လုပ်ခါနီးကျမှ အစာစားတာက အစာချေစနစ် အလုပ်လုပ်ဖို့ အချိန်မလောက်ပါဘူး။ အရမ်းလည်း စောပြီး စားတာမျိုးကျတော့လည်း အားကစားလုပ်ချိန်မှာ လူက ဆာနေမယ် ၊ အားမပါသလို ဖြစ်နေတတ်ပါတယ်။ Workout လုပ်နေချိန်မှာ အားအင်အပြည့်နဲ့လုပ်နိုင်ပြီး လူလည်း မအီမသာမဖြစ်ရအောင် အားကစားမလုပ်ခင် ၁ နာရီကနေ ၃ နာရီလောက် ခြားပြီး စားထားသင့်ပါတယ်။ ” လို့ ဗာဂျီးနီးယားမှ Jim White ကိုယ်လက်ကြံ့ခိုင်ရေးနဲ့ အာဟာရရေးရာ စတူဒီယိုပိုင်ရှင် ဂျင်မ်ဝှိုက်က ပြောပါတယ်။

အားကစား လုပ်ခါနီး စားရမယ့် အစားအသောက်တွေကလည်း အရေးကြီးပါတယ်။ ပုံမှန်အားဖြင့် အားကစားမလုပ်ခင် စားမယ့် အစားအသောက်တွေဟာ အဆီဓါတ်မြင့်တာ ၊ ဆီကြော်စာတွေ မဖြစ်သင့်ပါဘူး။ အဆီနည်းတဲ့ ပရိုတိန်း နဲ့ ကောက်ပဲသီးနှံအခြေခံ ကာဗွန်ဟိုက်ဒရိတ်တွေပဲ စားပေးသင့်ပါတယ်။