မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်းရဲ့ စူပါစတား ကစားသမားကြီးဖြစ်သူ လီယွန်နယ် မက်ဆီဟာ မနက်ဖြန် မနက်အစောပိုင်း ဟူစတန် ဒိုင်နမိုအသင်းနဲ့ ရင်ဆိုင်သွားရမယ့် US Open Cup ပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်ကို ဒဏ်ရာပြသာနာကြောင့် လွဲချော်သွားရဖွယ် ရှိနိုင်ပြီး မနေ့က ပြုလုပ်ခဲ့တဲ့ အသင်း လေ့ကျင့်ခန်း အစီအစဉ်တွေကိုတောင် ပျက်ကွက်ထားခဲ့ရတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
Photo Credit : Clutch Points
မိုင်ယာမီအသင်းအတွက် အရေးကြီး ကစားသမား GOAT ကြီး မက်ဆီဟာ သူရဲ့ ဒဏ်ရာဟောင်း ပြသာနာကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေက အော်လန်ဒို စီးတီးအသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ မေဂျာလိဂ်ပွဲစဉ်ကိုပါ လွဲချော်ထားခဲ့ပြီး အဲ့ဒီပွဲစဉ်မှာ မက်ဆီအပြင် သူ့အသင်းဖော်တွေဖြစ်တဲ့ ယော်ဒီ အယ်လ်ဘာ နဲ့ ဆာဂျီယို ဘူးစကွက်စ်တို့ပါ မပါဝင်နိုင်ခဲ့ပဲ လွဲချော်ခဲ့ရပါတယ်။ ဘယ်နောက်ခံ အယ်လ်ဘာက ကြွက်သား ဒဏ်ရာ ခံစားနေရပြီး ကွင်းလယ်လူ ဆာဂျီယို ဘူးစကွက်စ်ကတော့ ဦးခေါင်း ဒဏ်ရာကြောင့် အော်လန်ဒိုနဲ့ပွဲကို လွဲချော်ခဲ့ရကြတာ ဖြစ်ပါတယ်။
Photo Credit : Clutch Points
မက်ဆီ နဲ့ အယ်လ်ဘာတို့နှစ်ဦးလုံးက ဟူစတန်အသင်းနဲ့ ကစားသွားရမယ့် US Open Cup ဖိုင်နယ်ပွဲကို လွဲချော်ရဖို့ ရှိနေပြီး ဘူးစကွက်စ်သာ ဝင်ရောက် ကစားနိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒီဖိုင်နယ်ပွဲမှာ မက်ဆီ ပါဝင် ကစားနိုင်ခြေ ရှိ မရှိကို အင်တာ မိုင်ယာမီနည်းပြ မာတီနိုပါ သေချာ ပြောကြားထားနိုင်ခြင်း မရှိသေးသလို လေ့ကျင့်ခန်း အစီအစဉ်မှာပါ မပါဝင်နိုင်တာက မိုင်ယာမီအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။
Photo Credit : Leagues Cup
မိုင်ယာမီအသင်းဆီ မက်ဆီ ဘူးစကွက်စ် အယ်လ်ဘာတို့ ရောက်လာပြီးနောက်ပိုင်း အဓိကတော့ မက်ဆီ ရောက်ရှိလာပြီးနောက်မှာ မိုင်ယာမီအသင်းက လုံးဝကို ရုတ်တရက် ပြောင်းလဲလာပြီး ရလဒ်တွေ ဆက်တိုက်ကောင်းမွန်ရင်းနဲ့ လိဂ်ဖလားပြိုင်ပွဲမှာပါ ချန်ပီယံ ဖြစ်ခဲ့ကာ မိုင်ယာမီ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး ဆုဖလားကို ပိုင်ဆိုင်ခဲ့ပါတယ်။ အခုလည်း US Open Cup ပြိုင်ပွဲမှာပါ ဖိုင်နယ်ထိ တက်လှမ်းထားလို့ မိုင်ယာမီအတွက် ဒုတိယမြောက် ဆုဖလားတစ်လုံးကို မျှော်မှန်းနိုင်ပြီ ဖြစ်ပါတယ်။
Featured Photo : Clutch Points