မြန်မာ ဘောလုံး ကြယ်ပွင့် ကစားသမားတစ်ဦးဖြစ်သူ အောင်သူ ဟာ လက်ရှိမှာတော့ ထိုင်းလိဂ်ဝမ်းကလပ် Lamphun Warriors FC အသင်းကနေ လိဂ်ဝမ်းပြိုင်ပွဲဆီ တန်းတက်လာခဲ့တဲ့ Uthai Thani FC အသင်းဆီကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကြောင်း Uthai Thani အသင်းရဲ့ Official Social Media တွေကပေါ်ကနေ ဖော်ပြလာခဲ့ပါတယ်။

aung thu myanmar

Photo Credit : AFC

အသက် (၂၈)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တိုက်စစ် ကစားသမား အောင်သူ ဟာ မိထ္တိလာဇာတိဖြစ်ပြီး အဲ့ဒီနောက် ပျဉ်းမနားကို ပြောင်းရွှေ့ဖြစ်ကာ အသက် (၁၃)နှစ်သားအရွယ်မှာပဲ ပျဉ်းမနား ယူ-၁၉ ပြိုင်ပွဲမှာ ပါဝင်ရင်း ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မန္တလေးက မြန်မာ့ဘောလုံး အကယ်ဒမီကို တတ်ရောက်ရင်း ၂၀၁၃ခုနှစ်မှာ မန္တလေး အခြေစိုက် ရတနာပုံအသင်းဆီ စတင် ပြောင်းရွှေ့ခဲ့ပါတယ်။

aung thu thai

Photo Credit : Goal

၂၀၁၅ခုနှစ် နယူးဇီလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၅ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အောင်သူက မြန်မာ ယူ၂၀အသင်းအတွက် ပါဝင်ကစားပေးခဲ့ရင်း မြန်မာ နဲ့ နယူးဇီလန် ပွဲစဉ်မှာ မြန်မာအသင်းအတွက် အဖွင့်ဂိုးကိုပါ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အရပ်အမောင်း သိပ်မကောင်းပေမယ့်လည်း အားပါ ပြင်းထန်တဲ့ ကန်ချက်တွေ ပြေးအားကောင်းတာတွေကြောင့် အောင်သူ ကို အိမ်နီးချင်း ထိုင်းကလပ်တွေက စိတ်ဝင်စားလာခဲ့ပြီး ၂၀၁၈ခုနှစ်မှာပဲ ထိုင်းကလပ် Police Tero အသင်းဆီ စတင် အငှားနဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပြီး နောက်တစ်နှစ်မှာ Muangthong United ဆီ ထပ်မံ အငှားနဲ့ပဲ ပြောင်းရွှေ့ခဲ့ပါတယ်။

aung thu uthai thani

Photo Credit  : Uthai Thani Facebook

၂၀၂၀မှာ အောင်သူ Buriram United အသင်းဆီ အမေရိကန် ဒေါ်လာ (၅၀၀၀၀)နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာပဲ ပြည်တွင်း ဆုဖလား (၃)လုံး ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ၂၀၂၂ခုနှစ်မှာတော့ ယူ-၂၀ အသင်းဖော်ဟောင်း မောင်မောင်လွင် ရှိရာ Lamphun Warriors အသင်းကို ရောက်ရှိခဲ့ပြီး အခုတော့ လိဂ်ဝမ်း တန်းတက်ကလပ် Uthai Thani ဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ အောင်သူဟာ မြန်မာအသင်းအတွက် စုစုပေါင်း (၄၃)ပွဲ ပါဝင်ခဲ့ပြီး (၁၀)ဂိုး သွင်းယူနိုင်ခဲ့သလို တစ်နှစ်တာ အကောင်းဆုံး မြန်မာ ဘောလုံးသမားဆုကိုလည်း ၂၀၁၅ ကနေ ၂၀၁၇ခုနှစ်အထိ (၃)နှစ်ဆက်တိုက် ပိုင်ဆိုင်ခဲ့ပါသေးတယ်။

Featured Photo : Uthai Thani Facebook