အိမ်မှာ အနေကြာပြီး ဘယ်ကိုမှ မရောက် ၊ ဘာကိုမှ မယ်မယ်ရရ မလုပ်ဖြစ်တဲ့အခါ စိတ်ပိုင်း ရုပ်ပိုင်း ကျန်းမာရေး ချို့ယွင်းလာတတ်ပါတယ်။ အခုလို ကိုဗစ်ကာလမှာ အားကစားလုပ်ဖို့အတွက် Gym သွားဖို့လည်း Recommend မပေးချင်ပါဘူး။ ဒါကြောင့် Gym သွားမယ့်အစား အိမ်မှာနေရင်း ကျန်းမာဖို့ နည်းလမ်းလေးတွေ မျှဝေပေးလိုက်ပါတယ်။

(၁) ပုံမှန်အစီအစဉ်လေးထားပါ

Meditation

Photo: Unsplash

Routine လို့ ခေါ်တဲ့ နေ့စဉ် လုပ်ရိုးလုပ်စဉ်အစီအစဉ်လေးတွေက အရေးကြီးပါတယ်။ COVID-19 ကြောင့် အိမ်မှာနေရင်း အလုပ်လုပ်ရ၊ ကျောင်းတက်ကြသူတွေအတွက် ပုံမှန် နေ့စဉ်ကိစ္စလေးတွေ သီးသန့်ထားတာက အရေးကြီးပါတယ်။ တစ်ရက် ဘယ်နှစ်နာရီ အိပ်မယ် ၊ ဘယ်အချိန် အားကစားလုပ် ၊ ဘယ်နှစ်နာရီ တရားထိုင် ၊ ဘယ်အချိန် စာဖတ်မယ် ၊ ဘယ်အချိန် ဇာတ်ကားကြည့်ပြီး ဘယ်နှစ်နာရီ ဂိမ်းဆော့မယ်ဆိုတာကနေ မိသားစုနဲ့ အတူတူ အိမ်မှုကိစ္စတွေ လုပ်ပေးဖို့အထိ အချိန်လေးတွေ သတ်မှတ်ထားတာ ကောင်းပါတယ်။

(၂) မစားခင် အရင် စဉ်းစားပါ

Man Cooking

Photo: Unsplash

အိမ်မှာ အနေများတတ်သူတွေဟာ အစားအသောက်ကို စည်းကမ်းထားစားတာ ကျန်းမာရေးကို အားပေးရာရောက်ပါတယ်။ အစားအသောက်စားတိုင်း အာဟာရပြည့်ဖို့ ၊ ကျန်းမာရေးနဲ့ ညီဖို့နဲ့ မျှတဖို့ဆိုတာတွေကို ထည့်တွက်ပြီးမှ စားပေးသင့်ပါတယ်။ စားသောက်မှု အလေ့အထ ကျန်းမာရေးနဲ့ညီညွတ်မယ်ဆိုရင် အိပ်စက်မှု ၊ စိတ်အခြေအနေ ၊ ကိုယ်တွင်းစွမ်းအင်နဲ့ ကိုယ်ခံအားစနစ်တွေ မှန်ကန်ကောင်းမွန်နေမှာ ဖြစ်ပါတယ်။ သကြားများတဲ့ အစားအစာမျိုး ရှောင်ပြီး သဘာဝအသီးအနှံနဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် အသားငါးမျိုး ရွေးချယ်စားပေးတာကလည်း အားကစားလုပ်စရာမလိုဘဲ ကျန်းမာအောင် နေနည်းတစ်မျိုးပါပဲ။

(၃) ရေများများသောက်ဖြစ်အောင် လုပ်ပါ

A Glass of Water

Photo: Unsplash

ရေသောက်တာဟာ ကိုယ်တွင်းရေဓါတ်မျှတစေပြီး အဆိပ်အတောက်တွေ ရှင်းထုတ်ပေးနိုင်ပါတယ်။ ရေသောက်တာအပြင် Green Tea ၊ ဂျင်းရေနွေး ၊ စွပ်ပြုတ်တို့လိုမျိုး အရည်ဓါတ် ပြည့်တွင်းတဲ့ အစားအသောက်တွေလည်း စားပေးနိုင်ပါတယ်။ ဗိုက်တာမင် အေ ၊ စီ ၊ ဒီနဲ့ ဇင့်ဓါတ်တွေ ပါတဲ့ Immune Support Drinks တွေကလည်း ကိုယ်ခံအားကောင်းစေတာကြောင့် သောက်သုံးပေးနိုင်ပါတယ်။

(၄) သင့်ခန္ဓာကိုယ်ကို လှုပ်ရှားပေးပါ

Push Ups

Photo: Unsplash

အိမ်မှာ အနေများချိန်မှာ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ သိပ်ကို လိုအပ်ပါတယ်။ အားကစားလုပ်တာဟာ ကိုယ်ကာယကျန်းမာမှုအပြင် စိတ်နဲ့ ခံစားချက်ပိုင်းပါ ကျန်းမာရွှင်လန်းစေနိုင်ပါတယ်။ အခုခေတ်မှာ အိမ်မှာ နေရင်း အွန်လိုင်းပေါ်က အားကစားလုပ်တဲ့ ဗွီဒီယိုဖိုင်တွေ လိုက်ကြည့်ပြီး ကိုယ်တိုင် အားကစားလုပ်နိုင်ပြီ ဖြစ်လို့ Trainer ရှာစရာ မလိုတော့ပါဘူး။ အိမ်ထဲမှာတင် ပစ္စည်းကိရိယာမလိုဘဲ အားကစားလုပ်နိုင်မယ့် ဒိုက်ထိုးတာ ၊ Plank ထောက် ၊ ကြိုးခုန် ၊ အကြောလျှော့ ၊ Belly ကစား စတဲ့ လေ့ကျင့်ခန်းတွေ လုပ်လို့ ရပါတယ်။

ဒီအချက် ၄ ချက်ကို ပုံမှန်လိုက်နာသွားမယ်ဆိုရင် အိမ်မှာနေရင်း ကျန်းမာရွှင်လန်းတဲ့ဘဝကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

Featured Photo: manofmany