Weight မ,တဲ့ လေ့ကျင့်ခန်းဟာ သေဆုံးနိုင်ခြေကို ထက်ဝက်နည်းပါး လျှော့ချပေးနိုင်တယ်လို့ သုတေသနတစ်ခုက ဆိုပါတယ်။ “အသက်အရွယ်အလိုက် ဝိတ်မခြင်းက စောစီးစွာ အသက်သေဆုံးမှုကို ၄၆% လျော့ကျစေနိုင်တယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ Men’s Health ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဝိတ်မခြင်းဟာ သက်တမ်းရှည်ရှည် နေနိုင်အောင် တကယ်ပဲ အထောက်အကူပြုတယ်လို့ သုတေသနက ဖော်ပြလိုက်တာပါ။ ဒီသုတေသနအရ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အသက်ရှည်ရှည် နေနိုင်စေတဲ့ လေ့ကျင့်ခန်းက တစ်ပတ်နှစ်ကြိမ် Gym ရုံသွားပြီး ဝိတ်မတာပဲလို့ ဆိုပါတယ်။ Penn ဆေးကောလိပ်ကျောင်း ၊ Penn ပြည်နယ် Milton S. Hershey ကျန်းမာရေးစင်တာ နဲ့ ကိုလံဘီယာတက္ကသိုလ်က သုတေသနပညာရှင်တွေ စုပေါင်း ဖော်ထုတ်ခဲ့တာပါ။

weights-exercise-weightlifter-strong-athletic

Photo: Freepik

သုတေသီတွေရဲ့ လေ့လာချက်အရ သက်ကြီးပိုင်းတွေထဲက တစ်ပတ် နှစ်ကြိမ် Gym သွားပြီး Strength-Training ကစားသူတွေဟာ အသက် ၆၅ နှစ်နဲ့ အထက် နေနိုင်ကြတယ်လို့ ဆိုပါတယ်။ အချက်အလက်တွေကိုတော့ စစ်တမ်းမှာ ပါဝင်ခဲ့သူတို့ရဲ့ ပြီးခဲ့တဲ့ ၁၅ နှစ်ကျော်က ဖြတ်သန်းခဲ့တဲ့ဘဝတွေ နဲ့ ၁၉၉၇ ကနေ ၂၀၀၁ အကြား သေဆုံးသွားခဲ့သူတွေဆီက သတင်းအချက်အလက်တွေကို ရယူထားတာပါ။

ဒီသုတေသနရဲ့ တွေ့ရှိချက်အရ Weight မတာလိုမျိုး ကိုယ်လက်ကြံ့ခိုင်ဖို့ လေ့ကျင့်တဲ့ Strength Training ကို တစ်ပတ် နှစ်ကြိမ်ကစားတဲ့ သက်ကြီးရွယ်အိုတွေဟာ နှလုံးဖောက်ပြီး သေဆုံးနိုင်ခြေ ၄၁% ပိုနည်းကြတယ်လို့ ဆိုပါတယ်။ တစ်ကမ္ဘာလုံးရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ခြေလည်း တခြားသူတွေထက် ၁၉% ပိုနည်းတာ တွေ့ခဲ့ကြတာပါ။
ကိုယ်လက်လှုပ်ရှား အားကစားတိုင်းဟာ သက်တမ်းရှည်ရှည် နေနိုင်အောင် ကူညီပေးတာ ဖြစ်ပြီး Strength Training တွေကတော့ ပိုလို့ စိတ်ဝင်စားစရာကောင်းတဲ့ ကျန်းမာရေး အကျိုးပေးနိုင်ပါတယ်။ လူဟာ အသက်ကြီးလာတာနဲ့အမျှ ကြွက်သားတွေ ယိုယွင်းပျော့တွဲအားနည်းလာတတ်ပါတယ်။ Strength Training ကစားခြင်းက ကြွက်သားတွေ ကျန်းမာသန်စွမ်းနိုင်အောင် ကူညီပေးတာကြောင့် မတော်တဆ ချော်လဲတာနဲ့ ဟန်ချက်မမှန်ဖြစ်တာမျိုးကို ကူညီပေးနိုင်ပါတယ်။

ကြွက်သားကို အားကစားလုပ်ပေးခြင်းဟာ ကိုလက်စထရော Level လျှော့ချပေးနိုင်တာကြောင့် ကိုယ်ခန္ဓာအဆီတွေကို ကျစေပြီး ဆီးချိုသွေးချိုအဖြစ်နည်းစေ / နှေးကွေးစေပါတယ်။ နောက်တစ်ချက်က Strength Training ကစားတာဟာ အရိုးတွေ သန်မာစေတာကြောင့် အသက်ကြီးလို့ အရိုးပွပြီး မတော်တဆ ကျိုးလွယ်တဲ့ပြဿနာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

young-man-sportswear-exercise-class-gym

Photo: Freepik

လှုပ်လှုပ်ရှားရှား အားနဲ့ ညှစ်စိုက်ပြီး လုပ်ရတာ ဖြစ်လို့ နှလုံးသွေးညှစ်ထုတ်မှုကောင်းပြီး သွေးလည်ပတ်မှု မှန်ကန်စေပါတယ်။ အားကစားလုပ်တာဟာ ဦးနှောက်အတွင်း အောက်ဆီဂျင်ပေးပို့မှုကိုလည်း ပိုပြီး မြှင့်တင်ပေးနိုင်ပါတယ်။အောက်ဆီဂျင်ဟာ သွေးကြောတွေကနေ တစ်ဆင့် အာရုံကြောတွေထဲ စီးဆင်းမှုမှန်ကန်နေမှ ဦးနှောက်ဟာ တက်ကြွနိုးကြားမှု ဖြစ်နေမှာပါ။

ဒါကြောင့် အတန်အသင့်ပြင်းထန်တဲ့ ဝိတ်မ,တဲ့ လေ့ကျင့်ခန်း လုပ်တာဟာ ကျန်းမာရေးအကျိုးများပြီး သက်တမ်းစေ့ နေနိုင်အောင် ကူညီပေးဖို့အတွက် အရေးပါတဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခုလို့ ဆိုချင်ပါတယ်။