လူတစ်ယောက်နဲ့တစ်ယောက်က Workout ပြုလုပ်ရခြင်း ရည်ရွယ်ချက်တွေက မတူညီကြပါဘူး။ အချို့က အဆီပိုများ ဖယ်ရှားချင်လို့ ဝိတ်ချကြပြီး အချို့အမျိုးသားများကတော့ ကြွက်သားများ တက်ချင်လို့ ဆော့ကစားကြတာဖြစ်ပါတယ်။
ဒါပေမဲ့ Workout တစ်ခုတည်းပြုလုပ်ရုံနဲ့ မလုံလောက်သေးပါဘူး။ အစားအသောက်နဲ့ ထိန်းပေးမယ်ဆိုရင်တော့ သင့်ရဲ့ Workout အတွက် ပိုမိုအကျိုးရှိပြီး သင်ရဲ့ပန်းတိုင်သို့ အချိန်တိုအတွင်း အမြန်အရောက်လှမ်းနိုင်ပါတယ်။
ဒါဆိုရင် Workout မပြုလုပ်ခင်၊ Workout ပြုလုပ်နေစဉ်နဲ့ Workout ပြုလုပ်ပြီးသွားတဲ့အခါ ဘယ်လိုအစားအစာများ စားသုံးသင့်သလဲဆိုတာ ဝေမျှပေးချင်ပါတယ်။
Workout မပြုလုပ်ခင် စားသုံးသင့်သောအစားအစာများ

ဗိုက်ထဲမှာ အစားအစာမရှိဘဲနဲ့ ဘယ်တော့မှ လေ့ကျင့်ခန်းမပြုလုပ်ပါနဲ့။ သင့်အတွက် အန္တရာယ်များပါတယ်။ ခေါင်းမူးခြင်း၊ အော့အန်ခြင်းတို့ ခံစားရပါလိမ့်မယ်။ မနက်အစောကြီးထပြီး လေ့ကျင့်ခန်းပြုလုပ်တယ်ဆိုရင်တောင် လေ့ကျင့်ခန်းပြုလုပ်မယ့်အချိန်နဲ့ အနည်းဆုံးနာရီဝက်ခန့်ခြားပြီး အစား စားထားသင့်ပါတယ်။
ဒါ့အပြင် အခုဖော်ပြပေးမယ့်အစားအစာများကိုလည်း လေ့ကျင့်ခန်းမပြုလုပ်ခင် ၂ နာရီမှ ၃ နာရီခန့် ကြိုတင်စားသုံးပေးရပါမယ်။ ပန်းသီးနှင့် ချိစ်ဆင်းဒဝှစ်ချ်၊ နွားနို့နှင့် သစ်သီး၊ ကြက်သားဟင်းရွက်သုပ် (သို့) တူနာငါး အရွက်သုပ်၊ ဒိန်ချဉ်နှင့် သစ်သီး၊ အခွံမာသီးများ၊ သစ်သီး (သို့) သစ်သီးဖျော်ရည်များတို့ပဲဖြစ်ပါတယ်။
လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ

လေ့ကျင့်ခန်းပြုလုပ်နေတဲ့အချိန်မှာ ရေဘူးတစ်ဘူးသည် မရှိမဖြစ်ဆောင်ထားသင့်ပါတယ်။ ဒါမှ ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ရေသောက်တဲ့အခါမှာလည်း အလွန်အကျွံ မသောက်သင့်ဘဲ အာဆွတ်ရုံသာ သောက်သုံးသင့်ပါတယ်။
ရေအပြင် သဘာဝသစ်သီးဖျော်ရည်များ၊ ငှက်ပျောသီး၊ သစ်သီးခြောက်များ စားသုံးပေးနိုင်ပါတယ်။ လေ့ကျင့်ခန်း များများပြုလုပ်နိုင်ဖို့ရန်အတွက်ပါ။
လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အခါ

လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့နောက် စားသုံးတဲ့အစားအစာသည် အရေးအကြီးဆုံးပါပဲ။ သင့်ရဲ့ခန္ဓာကိုယ်သည် စောစောက ပြုလုပ်ခဲ့တဲ့လေ့ကျင့်ခန်းများကြောင့် ပြောင်းလဲမှုစတင်နေပါပြီ။ ထိုကဲ့သို့သောအချိန်မျိုးမှာ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ ဟင်းသီးဟင်းရွက်ပေါင်း (သို့) ဟင်းရွက်ကြော်၊ အဆီနည်းသောအသားများ (သို့) ငါး၊ အစိမ်းရင့်ရောင်ရှိသော ဟင်းရွက်သုပ်များကို စားသုံးပေးသင့်ပါတယ်။
လေ့ကျင့်ခန်းကိုလည်း မှန်မှန်ပြုလုပ်မယ်၊ အခုဖော်ပြထားတဲ့ အစားအစာများကိုလည်း သေချာစားသုံးပေးမယ်ဆိုရင်တော့ သင့်ရဲ့ Workout ပြုလုပ်ရခြင်းရည်ရွယ်ချက်များ ပြည့်ဝလာပါလိမ့်မယ်။
Source: Brightside.me
Featured Image Source: Muscleandfitness.com
