Boxing ဆိုတာ တစ်ကိုယ်လုံးက ကြွက်သားတွေ အလုပ်ပေးနိုင်တဲ့ Full-Body Workout ထဲမှာ ပါပါတယ်။ တချို့သူတွေအတွက်တော့ Boxing လို့ ခေါ်တဲ့ လက်ဝှေ့ထိုးတာဟာ ကြေးစားနဲ့ အပျော်လက်ဝှေ့သမားတွေအတွက် သီးသန့်အားကစားလို့ ထင်နေကြပါတယ်။

တကယ်တော့ Boxing ပညာဟာ ယောင်္ကျားတိုင်း တတ်ထားသင့်တဲ့ Workout တစ်ခုဖြစ်ပါတယ်။ အရေးကြုံတော့ သက်လုံကောင်းဆိုသလို Boxing ကောင်းကောင်း တတ်ထားခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သလို မတရားမှုတွေကနေလည်း တားဆီးရာမှာ အများကြီး အထောက်အကူပြုတဲ့ပညာတစ်ခု ဖြစ်ပါတယ်။

afro-american-male-boxer

Photo: Freepik

Boxing ကစားပေးခြင်းဟာ အင်မတန်အကျိုးကျေးဇူးများတဲ့ အားကစားတစ်ခုလည်း ဖြစ်ပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးအနေနဲ့ Boxing ကစားတာဟာ တစ်ကိုယ်လုံးမှာ ရှိတဲ့ အရိုးအဆစ် နဲ့ ကြွက်သားတွေ ကြံ့ခိုင်သန်မာစေပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပါပဲ။

Boxing ဟာ ကိုယ်လုံးပြည့် ကစားရတဲ့ Workout ဖြစ်တာကြောင့် လက်မောင်းတွေ ၊ ခြေထောက် ၊ တင်ပါး ၊ ပုခုံး ၊ ကျောရိုးအားလုံးကို အလုပ်လုပ်ခိုင်းပါတယ်။ ဒီလို လှုပ်ရှားခိုင်းတာရဲ့ အကျိုးဆက်ကတော့ တစ်ကိုယ်လုံး သန်မာလာမယ် ၊ သက်လုံပြည့်လာမယ်။ ကြွက်သားတွေကြီးထွားမှုပုံစံ ဟန်ချက်မျှပြီး ကြွက်သားနဲ့ အရိုးအဆစ်တွေ ပူးပေါင်းလုပ်ဆောင်မှု အားကောင်းလာမယ်။ တစ်ခုခုကို တုံ့ပြန်ရာမှာ သွက်လက်မြန်ဆန်လာမယ်။

Boxing Workout ကစားတော့မယ်ဆိုရင် အရင်ဆုံး ၅ မိနစ်လောက် သွေးပူလေ့ကျင့်ခန်း လုပ်တဲ့အနေနဲ့ Jump-Roping ကြိုးခုန်တာမျိုး လုပ်နိုင်ပါတယ်။ ခြေထောက်အရွေ့ နဲ့ ထိုးချက်ကိုက်အောင် မှန်အောင် ကစားကြည့်ရပါတယ်။ ထိုးချက်တွေ ဆက်တိုက် တွဲလုံးချပြီးမှ Bodyweight နဲ့ Core Exercises တွေလာတာ ဖြစ်ပါတယ်။

two-professional-boxer-boxing-black-smoky

Photo: Freepik

တကယ်တော့ Boxing ကစားတယ်ဆိုတာ Cardio ၊ Strength နဲ့ High-Intensity Interval Training (HIIT) တွေ ပါတဲ့ Workout ဖြစ်လို့ တစ်ခါကစားလိုက်တာနဲ့ ကယ်လိုရီ ကျတဲ့ပမာဏက အတော်လေး သိသာပါတယ်။ လူရဲ့ ကိုယ်အလေးချိန်နဲ့ ကစားတဲ့ Boxing အတိုင်းအတာပေါ်လိုက်ပြီး မိနစ် ၃၀ အတွင်း ကယ်လိုရီ ၄၀၀ လောက်အထိ လောင်ကျွမ်းနိုင်ပါတယ်။ Boxing ဟာ စိတ်ဖိစီးမှု သက်သာဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

လက်သီးချက်ပြင်းပြင်းတွေကို လက်ဝှေ့အိတ် Punching Bag တွေပေါ် ခပ်ပြင်းပြင်း ထိုးလိုက်တိုင်း အချက်တိုင်းမှာ စိတ်ဖိစီးမှုတွေ ပါသွားသလို ခံစားရစေမှာပါ။ လက်ဝှေ့အိတ်ပေါ် ရောက်လာတဲ့ ထိုးချက်တွေနဲ့အတူ ကိုယ်ခန္ဓာထဲက စိတ်တင်းကျပ်မှုတွေ ထွက်သွားပြီး စိတ်သက်သာရာရစေတဲ့ ခံစားချက်ကို ဖြစ်စေနိုင်တဲ့ Endorphins ဟော်မုန်းတွေ ရောက်လာပါလိမ့်မယ်။ လက်ဝှေ့ထိုးခြင်းဟာ စိတ်ကို တည်ငြိမ်သွားစေပြီး ယုံကြည်မှုပိုရှိလာစေနိုင်ပါတယ်။