Workout လုပ်ခြင်းက ခန္ဓာကိုယ်အတွက် အထူးကောင်းမွန်ပြီး စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာသန်စွမ်းစေပါတယ်။ လူတိုင်းလူတိုင်း ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ် သင့်ပါတယ်။ သို့သော်လည်း ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများလုပ်သည် ဖြစ်စေ၊ ပြင်းထန်သော လေ့ကျင့်ခန်းများ လုပ်သည်ဖြစ်စေ အနည်းနဲ့ အများတော့ မတော်တဆ ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ Workout လုပ်ရင်းထိခိုက် ဒဏ်ရာရရင် ဒဏ်ဖြစ်ကာ ရေရှည်ခံစားရနိုင်ပြီး ပြင်းထန်သော ထိခိုက်ဒဏ်ရာ ဖြစ်ပွားမှုများနဲ့ ကြုံနိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး Workout လုပ်ရင်း ဒဏ်ရာ မရစေဖို့  သတိပြု လိုက်နာရမယ့် အချက်လေးများကို ဖော်ပြပေးချင်ပါတယ်။

မှန်ကန်ပြီး စနစ်တကျဖြစ်ပါစေ

Workout ဒဏ်ရာ

Photo : Pulse Fitness

ကွီးတို့အနေနဲ့ ဘယ်လေ့ကျင့်ခန်းကိုမဆို စတင်ပြုလုပ်မည်ဆိုပါက နည်းစနစ်မှန်ကန်ဖို့ လိုပါတယ်။ မှန်ကန်သောနည်းစနစ်ကို မသိရှိထားဘဲ လေ့ကျင့်ခန်းများ လုပ်ခြင်းက ကွီးတို့ကို ပြင်းထန်သော ထိခိုက်ဒဏ်ရာ ရစေနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။ ဘယ်လို လေ့ကျင့်ခန်းမျိုးမဆို စတင်လုပ်ဆောင်ချိန်တွင် ကျွမ်းကျင်သော Trainers များရဲ့ အကူအညီကို ယူပြီး ဖြည်းဖြည်းချင်း မှန်ကန်စွာ လုပ်ဆောင်ခြင်းက ထိခိုက်အနာတရဖြစ်ခြင်းကို ရှောင်ရှားနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းကိုလည်း ပိုပြီးထိရောက်စေပါတယ်။

သွေးပူလေ့ကျင့်ခန်း လုပ်ဖို့မမေ့ပါနဲ့

Workout ဒဏ်ရာ

Photo : Men’s Health

လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အရေးကြီးဆုံးနဲ့ မရှိမဖြစ်လိုအပ်တဲ့ အပိုင်းကတော့ လေ့ကျင့်ခန်းများ မစတင်ခင်မှာ သွေးပူလေ့ကျင့်ခန်း လုပ်ဖို့ပါပဲ။ ကွီးတို့အနေနဲ့ အိမ်မှာပဲဖြစ်ဖြစ်၊ Gym မှာပဲဖြစ်ဖြစ် Workout လုပ်မယ်ဆိုလျှင် သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ မမေ့ပါနဲ့။ သွေးပူလေ့ကျင့်ခန်း မလုပ်ဘဲ လေ့ကျင့်ခန်းကို တန်းပြီးလုပ်မယ်ဆိုပါက ကွီးတို့ရဲ့ ကြွက်သားတွေဟာ အေးနေခြင်းကြောင့် ပျော့ပြောင်းမှုနည်းပြီး လေ့ကျင့်ခန်းလုပ်ရာမှာ အဆင်မပြေဘဲ ထိခိုက်ဒဏ်ရာရခြင်း၊ ကြွက်သားနာကျင်ခြင်းများ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သင့်တော်တဲ့ သွေးပူလေ့ကျင့်ခန်းများကို Workout မစတင်ခင် အနည်းဆုံး ၆ မိနစ်မှ ၁၅ မိနစ်ခန့်ပြုလုပ်သင့်ပါတယ်။

Workout အတွက် သင့်တော်သော ဝတ်စုံကို ဝတ်ဆင်ပါ

Workout ဒဏ်ရာ

Photo : Styl Inc

Workout လုပ်ရာတွင် ဒဏ်ရာ ရခြင်းရဲ့ အဓိက အကြောင်းအရင်းများထဲမှ တစ်ခုမှာ လေ့ကျင့်ခန်း လှုပ်ရှားမှုအတွက် အဆင်မပြေသော ဝတ်စုံများကြောင့် ဖြစ်ပါတယ်။ ထိုကြောင့် လေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင် အရင်ဆုံး အားကစားဖိနပ်ကို သေချာရွေးချယ်သင့်ပါတယ်။ ဝတ်စုံကိုလည်း သက်တောင့်သက်သာဖြစ်ပြီး အရမ်းမကျပ်လွန်း၊ မချောင်လွန်းတာမျိုး ရွေးချယ်ရပါမယ်။ ကိုယ်လုပ်မဲ့ ‌‌လေ့ကျင့်ခန်း ကိုလိုက်ပြီး ထိခိုက်ဒဏ်ရာဖြစ်ခြင်းမှ ကာကွယ်နိုင်ရန် ဦးထုတ်၊ ဒူးကာ စသည်တို့ကိုလည်း အလေးထားဝတ်ဆင်ရန် လိုအပ်ပါတယ်။

ရေကို လုံလုံလောက်လောက် သောက်ပါ

Photo : Joocy IV Therapy

ရေဓာတ်မပြည့်ဝဘဲ လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ် ထိခိုက်မှုကို ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ချွေးထွက်ပြီး ခန္ဓာကိုယ်ထဲက ရေကိုသာမက ဦးနှောက်နဲ့ ခန္ဓာကိုယ်လုပ်ဆောင်မှုအတွက် အရေးပါတဲ့ Electrolytes တွေကိုလည်း ထုတ်လွှတ်ပါတယ်။ သို့သော် ရေလုံလောက်စွာ မသောက်ခြင်းကြောင့် လေ့ကျင့်ခန်းလုပ်နေစဉ် ဗိုက်ထဲတွင် နေလို့မကောင်းခြင်း၊ ပျို့အန်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်နေစဉ် ချွေးထွက်ခြင်းကြောင့် ဆုံးရှုံးသွားသော ရေဓာတ်ကို ပြည်လည်ဖြည့်တင်းနိုင်ဖို့ အတွက်လည်း ရေသောက်ပေးရပါမယ်။

ခန္ဓာကိုယ်ကို ညှာတာပါ

Photo : Men’s Health

ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အနေအထားကို ရောက်လိုစောနဲ့ လေ့ကျင့်ခန်းများ ပြင်းပြင်းထန်ထန် လုပ်တာမျိုး၊ နားရက်မယူဘဲ လေ့ကျင့်ခန်းများ ဆက်တိုက်လုပ်တာမျိုးကို ရှောင်ပါ။ လေ့ကျင့်ခန်း လုပ်နေစဉ် ကွီးတို့ရဲ့ ခန္ဓာကိုယ်မှာ တစ်ခုခုမူမမှန်တာ၊ နာကျင်တာမျိုးရှိလာရင် လေ့ကျင့်ခန်း လုပ်နေခြင်းကို ရပ်တန့်လိုက်ပါ။ နာကျင်မှု ခံစားရခြင်းသည် ကွီးတို့ လေ့ကျင့်ခန်း လုပ်နေစဉ် အမှားတစ်ခုခု လုပ်နေမိခြင်း သို့မဟုတ် လေ့ကျင့်ခန်း လုပ်ဆောင်ရန် ခန္ဓာကိုယ်က အဆင်သင့်မဖြစ်သေးသော လက္ခဏာ ဖြစ်ပါတယ်။ ဒါကြောင့် နာကျင်မှုကို ခံစားရတာနဲ့ ခဏအနားယူပြီး နာကျင်မှုဖြစ်စေတဲ့ အကြောင်းအရင်းကို ပြန်လည်သုံးသပ်ကြည့်ပါ။

လေ့ကျင့်ခန်း ၃ ရက်မှ ၅ ရက် တစ်ကြိမ်ပြုလုပ်ပြီး နားရက်တစ်ရက်ယူဖို့ ကျွမ်းကျင်သူများက အကြံပြုထားပါတယ်။

ကွီးတို့ရေ ဒီအချက်လေးတွေကို သတိပြုလိုက်နာခြင်းဖြင့် Workout လုပ်ရင်းနဲ့ ဒဏ်ရာ ရတာကို အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။

Source : Mdortho Specialists

Featured Photo : Men’s Health