ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှား ပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတွေ ၊ Workouts တွေ လုပ်တဲ့အခါ ချွေးထွက်တာက သဘာဝပါ။ လေ့ကျင့်ခန်းလုပ်ချိန်မှာ ခန္ဓာကိုယ်အပူချိန် တိုးလာတဲ့အတွက် ချွေးထွက်လာတာ ဖြစ်ပါတယ်။ သို့သော်လည်း ပုံမှန်ထက်ပိုပြီး ချွေးထွက်တတ်သူတွေ ၊ ချွေးအလွန်အကျွံ ထွက်သူတွေ ရှိပါတယ်။ ဒါဟာ ဘာကြောင့်ပါလဲ?
(၁) လူကောင်ထွားလို့
Photo : Men’s Health
အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်း ခပ်ထွားထွားလူတွေ သို့မဟုတ် ပုံမှန်ကိုယ်အလေးချိန်ထက် ပိုများနေသူတွေဟာ ချွေးပိုထွက်ကြပါတယ်။ ကွီးတို့ရဲ့ ခန္ဓာကိုယ်က ပိုကြီးလေ အရေပြားဧရိယာ ပိုကျယ်တဲ့အတွက် ချွေးပိုထွက်ရတာ ဖြစ်ပါတယ်။ အဝလွန်နေသူတွေ ၊ ကြွက်သားထုထည်ကြီးတဲ့ Bodybuilder တွေနဲ့ အရပ်မြင့်မြင့် ခပ်ထွားထွားလူတွေ အားလုံးဟာ ပုံမှန်ထက်ကို ချွေးပိုထွက်နိုင်ခြေ များပါတယ်။
(၂) ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်လို့
Photo : Everyday Health
အပြင်းစား လေ့ကျင့်ခန်းတွေ လုပ်မယ်ဆိုရင် ခန္ဓာကိုယ်က အပူချိန်ပိုတိုးလာပြီး ချွေးပိုထွက်နိုင်ပါတယ်။ ခန္ဓာကိုယ်အပူချိန်နဲ့ ချွေးထွက်နှုန်းဟာ တိုက်ရိုက်ဆက်နွယ်နေတာကြောင့် ခန္ဓာကိုယ်ကို အလုပ်များများပိုခိုင်းစေ အပူချိန်ပိုတိုးလာပြီး ချွေးများများ ပိုထွက်လေ ဖြစ်စေတတ်ပါတယ်။
(၃) ရာသီဥတု အပူချိန်မြင့်မားလို့
Photo : TrainingPeaks
ပူပြင်းတဲ့ နွေရာသီမှာ Workouts လုပ်မယ်ဆိုရင် ချွေးထွက်ပိုများ စေပါတယ်။ ရာသီဥတု အပူချိန် ၇၀ ဒီဂရီနဲ့အထက် ပျှမ်းမျှ အပူချိန် ၉၀ ဒီဂရီ ဝန်းကျင်ရှိတဲ့ အချိန်တွေမှာ ခန္ဓာကိုယ်က အပူချိန်တိုးလာစေတဲ့အတွက် လှုပ်လှုပ်ရှားရှား မလုပ်ဘူးဆိုရင်တောင်မှ ချွေးထွက်နိုင်ပါတယ်။
(၄) ပူနွေးစိုစွတ်တဲ့ ပတ်ဝန်းကျင် အခြေအနေမှာ Workouts လုပ်လို့
Photo : Muscle & Fitness
လေဝင်လေထွက်ကောင်းပြီး အေးမြတဲ့ ပတ်ဝန်းကျင်ထက် အလုံပိတ်အခန်းတွေ ၊ ပူနွေးစိုစွတ်တဲ့ ပတ်ဝန်းကျင် အခြေအနေတွေမှာ လေ့ကျင့်ခန်းလုပ်ရင် ချွေးထွက်ပိုများစေတတ်ပါတယ်။ ပူနွေးစိုစွတ်တဲ့ ပတ်ဝန်းကျင် အခြေအနေဟာ အရေပြားကနေ စိမ့်ထွက်လာတဲ့ ချွေးတွေကို အလွယ်တကူ အငွေ့ပျံမှု မဖြစ်စေတဲ့အတွက် ချွေးအောင်းပြီး သာမန်ထက်ကို ချွေးထွက်ပိုများစေတာ ဖြစ်ပါတယ်။
Source : Lifehacker
Featured Photo : BarBend