တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Supply Chain ပြဿနာ ရှိခဲ့ပေမယ့် Xiaomi ဟာ ၂၀၂၂ ပထမသုံးလပတ်အတွက် အိန္ဒိယ ဈေးကွက်မှာ နံပါတ်တစ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

စမတ်ဖုန်းဈေးကွက်လေ့လာရေးကုမ္ပဏီ Canalys က ထုတ်ပြန်တဲ့ သုံးလပတ်အစီရင်ခံထဲမှာ Xiaomi ဟာ ဇန်နဝါရီလကနေ မတ်လအတွင်း အိန္ဒိယရဲ့ အကြီးဆုံးစမတ်ဖုန်းတင်ပို့သူ ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ သုံးလအတွင်း Xiaomi ဟာ စမတ်ဖုန်းအလုံးရေ ၈ သန်း ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၂၁% နဲ့ အိန္ဒိယရဲ့ နံပါတ်တစ် စမတ်ဖုန်းကုမ္ပဏီဖြစ်ခဲ့တာပါ။

India Smartphone Shipment

Photo : GSMArena

ပြီးခဲ့တဲ့နှစ် ကာလတူက ဈေးကွက်ဝေစု ၂၈% သိမ်းပိုက်နိုင်ခဲ့ပြီး စမတ်ဖုန်းအလုံးရေ ၁၀.၅ သန်း တင်ပို့နိုင်ခဲ့တဲ့ Xiaomi အတွက် နှစ်အလိုက် ဖွံ့ဖြိုးမှုအညွှန်းကိန်းမှာ ၂၄% ကျဆင်းသွားတာ ဖြစ်ပါတယ်။ Xiaomi ရဲ့ နောက်မှာ Samsung က ‌ဈေးကွက်ဝေစု ၁၈% ၊ စမတ်ဖုန်းအလုံးရေ ၆.၉ သန်း တင်ပို့နိုင်ခဲ့ပြီး ဒုတိယအများဆုံးတင်ပို့သူအဖြစ် ရှိနေပါတယ်။

ဈေးကွက်ဖွံ့ဖြိုးမှုအမြင့်ဆုံးဖုန်းကုမ္ပဏီကတော့ ထိပ်ဆုံးကုမ္ပဏီ ၅ ခု စာရင်းမှာ နံပါတ် ၃ နေရာက ရပ်တည်နေတဲ့ realme ပဲ ဖြစ်ပြီး စမတ်ဖုန်းအလုံး ၆ သန်း ၊ ဈေးကွက်ဝေစု ၁၆% နဲ့ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က ဈေးကွက်ဝေစု ၁၂% စမတ်ဖုန်းအလုံးရေ ၄.၃ သန်း နဲ့ နံပါတ် ၅ နေရာ ရပ်တည်ခဲ့တဲ့ realme ဟာ နှစ်အလိုက် ဖွံ့ဖြိုးမှုမှာ ၄၀% အတက်ပြခဲ့ပြီး ထိပ်ဆုံးကုမ္ပဏီ ၅ ခု စာရင်းမှာ အတက်ပြတဲ့ တစ်ခုတည်းသော စမတ်ဖုန်းအမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။

Photo : Caixin Global

realme ရဲ့ နောက်မှာ Vivo (ဈေးကွက်ဝေစု ၁၅%) နဲ့ OPPO (ဈေးကွက်ဝေစု ၁၂%) တို့က အစဉ်အတိုင်း ရပ်တည်နေပါတယ်။ Canalys အချက်အလက်အရ တန်ဖိုးသင့်ဖုန်းထုတ်လုပ်သူတွေဟာ ဈေးကွက်မှာ နေရာပိုရနေကြတယ်လို့ ဆိုပါတယ်။

Featured Photo : gearxnews