ဝမ်းဗိုက်တဝိုက်မှာ အဆီပိုတွေစုနေခြင်းဟာ ကျန်းမာရေးအတွက်လည်းမကောင်းသလို အဝတ်အစားဝတ်ရာမှာလည်း အခက်အခဲဖြစ်စေပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုပျောက်ဆုံးစေနိုင်ပါတယ်။ ဒီနေ့မှာတော့ ဒီလိုကြည့်ရဆိုးတဲ့ ဝမ်းဗိုက်အဆီတွေကို ဖယ်ရှားပေးမယ့် အထိရောက်ဆုံးယောဂလေ့ကျင့်ခန်းတွေကိုမျှဝေပေးချင်ပါတယ်။အမျိုးသမီးတွေရော အမျိုးသားတွေပါလွယ်လွယ်ကူကူပြုလုပ်လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၁)

Source : FirstCry Parenting
လေ့ကျင့်ခန်းပြုလုပ်ဖို့အတွက် အရင်ဆုံးသင့်ရဲ့ ခန္ဓာကိုယ်ကိုရှေ့သို့ကိုင်းချပြီး လက်နှစ်ဖက်ကိုခြေကျင်းဝတ်နားသို့ ထိသည်အထိကွေးထားပေးရပါမယ်။ ထို့နောက်ခန္ဓာကိုယ်ကိုပြန်မတ်ပြီး လက်နှစ်ဖက်ကိုအပေါ် သို့ဆန့်ထုတ်ကာ အသက်ကိုဖြေးဖြေးချင်းရှုသွင်းပေးပါ။ ပြီးရင်တော့ ခုနကပုံစံအတိုင်း ခါးကိုပြန်ကွေးလိုက်ပြီး အသက်ကိုဖြေးဖြေးချင်းပြန်ရှုထုတ်ပေးပါ။ ထိုပုံစံအတိုင်း အကြိမ် ၂၀ ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၂)

Source : iStock
ယောဂဖျာပေါ်မှာ မတ်မတ်ရပ်ပြီး ခန္ဓာကိုယ်ကိုရှေ့သို့ဖြေးဖြေးချင်းကိုင်းချကာ လက်နှစ်ဖက်ကိုကြမ်းပြင်ပေါ်မှာ ထောက်ထားပေးရပါမယ်။ ပြီးရင်တော့ လက်နှစ်ဖက်ကိုကြမ်းပြင်နဲ့ ထိလျက်အနေအထားအတိုင်း ဖြေးဖြေးချင်းလက်ကိုခန္ဓာကိုယ်အရှေ့ဘက်သို့ တိုးသွားပါ။ ခြေထောက်နဲ့လက်ရဲ့ကြားကအကွာဝေးက ၃ ပေလောက်ရှိရပါမယ်။ အဆိုပါပုံစံအတိုင်း စက္ကန့် ၂၀ကြာငြိမ်ငြိမ်လေးနေပေးပါ။ပြီးရင်တော့ မူလပုံစံမတ်တပ်ရပ်အနေအထားပြန်လုပ်ပေးရပါမယ်။ ထိုပုံစံအတိုင်း ၁၅ အကြိမ် ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၃)

Source : OWM Buffalo
အရင်ဆုံးယောဂဖျာပေါ်ကို ခန္ဓာကိုယ်ကိုမှောက်ယက်အနေအထား ပုံစံယူပါ။ ထို့နောက်ကြမ်းပြင်ကို လက်ထောက်ပြီး ခါးနေရာကနေစတင်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို မြင့်တင်ပေးပါ။ လက်ကိုကြမ်းပြင်မှာထောက်ထားပြီး ရင်ဘက်ကိုဖွင့်ကာ အရှေ့ဘက်သို့ မျက်နှာမူထားရပါမယ်။ ထို့နောက် အသက်ကိုဖြေးဖြေးချင်းရှုသွင်းထုတ်ပြုလုပ်ပါ။ ဝမ်းဗိုက်အထိရောက်သည်တိုင် လေကိုရှုသွင်းပြီးပြန်ရှုထုတ်ပါ။ ထိုပုံစံအတိုင်း ၁၅ အကြိမ် ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၄)

Source : Virginia Beach Chiropractor
အရင်ဆုံးယောဂ ဖျာပေါ် လေးဘက်ထောက်အနေအထား ပုံစံယူလိုက်ပါ။ ကြမ်းပြင်မှာထောက်ထားတဲ့ လက်ကောက်ဝတ်တွေကို ရှေ့လည်းအရမ်းမရောက် နောက်လည်းအရမ်းမရောက်စေပဲ ပုခုံးအောက်နဲ့တတန်းထဲမှာ တည့်တည့်ထားရပါမယ်။ ထို့နောက် ခါးကိုဖြေးဖြေးချင်းကော့လိုက်ပြီး ဦးခေါင်းကိုအပေါ်သို့မော့ကာ အသက်ရှုသွင်းလိုက်ပါ။ ပြီးရင်တော့ ခါးကိုဖြေးဖြေးချင်းပြန်ခုံးပြီး ခေါင်းကိုကြမ်းပြင်သို့မျက်နှာမူကာ အသက်ရှုထုတ်လိုက်ပါ။ ထိုပုံစံအတိုင်း အကြိမ် ၂၀ ပြုလုပ်ပေးရပါမယ်။
