ယူနိုက်တက် တောင်ပံကစားသမားဟောင်း ဂျက်ဆီ လင်ဂတ် ကတော့ တောင်ကိုရီးယားကလပ် FC Seoul နဲ့ အံ့အားသင့်ဖွယ် အပြောင်းရွှေ့တစ်ခု အပြီးသတ်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

Jesse Lingard

Photo : talkSPORT

လင်ဂတ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ နော်တင်ဟမ်ဖောရက်စ်အသင်းကနေ ထွက်ခွာပြီးကတည်းက အလွတ်အေးဂျင့် ကစားသမားအဖြစ် ရှိနေခဲ့ပါတယ်။ ယခုလအတွင်း ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ရှာဘတ်အသင်းထံကနေ လင်ဂတ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့်လည်း ကလပ်အသင်းအနေနဲ့ အပြောင်းအရွေ့ ဈေးကွက်မပိတ်မီ သဘောတူညီချက်ရဖို့ အပြီးသတ်နိုင်ခြင်း မရှိခဲ့ပါဘူး။

တောင်ပံကစားသမားကို ခေါ်ယူဖို့ တူရကီကလပ် တချို့ကလည်း စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြပြီး လင်ဂတ်ကတော့ ဘာစီလိုနာအသင်းထံကို ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ စပိန်သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

Sky Sports ရဲ့ အဆိုအရ ၈ လကြာ အသင်းလက်မဲ့ ဖြစ်နေခဲ့တဲ့ အသက် (၃၁) နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်း လင်ဂတ်ဟာ လက်ရှိမှာတော့ တောင်ကိုရီးယားကလပ် FC Seoul မှခေါ်ယူဖို့ နီးစပ်နေပြီဖြစ်ပြီး နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့် အပါအဝင် ၂ နှစ်စာချုပ်နဲ့ ပြောင်းရွေ့ဖို့ နှုတ်အားဖြင့် သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။

Jesse Lingard

Photo : The Sun

အင်္ဂလန်သားဟာ မကြာမီရက်ပိုင်းအတွင်း အဆိုပါအပြောင်းအရွေ့ သဘောတူညီမှုကို အပြီးသတ်ဖို့ တောင်ကိုရီးယားကို ထွက်ခွာသွားဖွယ်ရှိနေပါတယ်။ FC Seoul အသင်းဟာ K လိဂ်ချန်ပီယံ ၆ ကြိမ်တိုင်တိုင် ဆွတ်ခူးရရှိထားပြီး အာရှချန်ပီယံလိဂ် ဖိုင်နယ်ကိုလည်း ၂ ကြိမ်တိုင်တက်ရောက်နိုင်ခဲ့တဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။

လက်ရှိ FC Seoul အသင်းမှာ ဆွမ်ဆီး စီးတီနဲ့ နယူးကာဆယ်အသင်း ကွင်းလယ်လူဟောင်း ကီဆွန်ယောင်းလည်း ရှိနေပြီး တောင်ကိုရီးယား လက်ရွေးစင် ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ အသင်းကို အဆင့် ၇ နေရာရောက်အောင် အဓိကစွမ်းဆောင်ပေးခဲ့ပါတယ်။

Featured Photo : Goal.com