ဘောလုံးလောကမှာ ဒဏ်ရာ ပြဿနာတွေရဲ့ နှိပ်စက်မှုတွေကြောင့် အချိန်မတန်သေးခင်မှာ မြက်ခင်းစိမ်းတွေပေါ်ကနေ ဘောလုံးသမားဘဝကို အဆုံးသတ်ခဲ့ကြသူတွေ အများအပြား ရှိခဲ့ဖူးပါတယ်။ အခုတော့ အဲ့ဒီ ကစားသမားစာရင်းထဲကို ကမ္ဘာ့ချန်ပီယံဟောင်းဖြစ်သူ နောက်ခံကစားသမားကြီး ရာဖယ်လ် ဗာရန်း ပါ ပါဝင်သွားခဲ့ရပြီပဲ ဖြစ်ပါတယ်။

goobye varane

Photo Credit: Goal

အသက်အရွယ်အားဖြင့် (၃၁)နှစ်သာ ရှိနေသေးတဲ့ ကစားသမားတစ်ဦး အနည်းဆုံး နောက်ထပ် (၂)နှစ်လောက်အထိ ကစားနိုင်သေးတဲ့ အရွယ်မှာပဲ ဒဏ်ရာတွေက နှိပ်စက်လွန်းတာကြောင့် နောက်ဆုံးမှာတော့ ကစားသမားဘဝကို အဆုံးသတ်လိုက်ရပါတယ်။ ကိုမိုအသင်းရဲ့ ပရိသတ်တွေနဲ့ အသင်းတစ်လုံးကတော့ သူတို့လို စီးရီးအေ တန်းတက် ကလပ်အသင်းဆီ ဗာရန်း လို world class player ကြီးတစ်ဦး ပြောင်းရွှေ့လာလို့ ပျော်လို့ပင်မဆုံးသေးဘူး အခုလို အသင်းနဲ့သာမကပဲ ဘောလုံးသမားဘဝကနေပါ စွန့်ခွာသွားတာက အတော်လေးတော့ စိတ်ထိခိုက်စရာ ဖြစ်စေရပါလိမ့်မယ်။

varane utd france madrid

Photo Credit: TEAMtalk

ရီးယဲလ် မက်ဒရစ်အသင်းနဲ့ အောင်မြင်မှုတွေ မနည်းမနော ရယူနိုင်ခဲ့သူ ပြင်သစ်အသင်းနဲ့လည်း ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ အကျပိုင်း ရောက်နေချိန်မှာတောင် မန်ယူနိုက်တက်နဲ့ ရသလောက် တောက်ပနိုင်ခဲ့ပြီး အက်ဖ်အေဖလား လိဂ်ဖလားတွေ ဆွတ်ခူးနိုင်သူ ဗာရန်း ဟာ ကစားသမားဘဝအတွင်း ဒဏ်ရာတွေရဲ့ ထိုးနှက်မှုတွေကြောင့် နောက်ဆုံးမှာတော့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကို နိဂုံးချုပ်လိုက်ရပါတယ်။ ဗာရန်းဟာ ကိုမိုအသင်းအတွက် ကိုပါ အီတလီယာပွဲအဖြစ် (၂၃)မိနစ်လေးသာ ကစားပေးခဲ့ရပြီး အဲ့ဒီပွဲမှာ ရရှိလိုက်တဲ့ ဒူးဒဏ်ရာကြောင့်ပဲ အခုလို ဘောလုံးသမားဘဝကို အဆုံးသတ်ဖို့အထိပါ ဖြစ်လာခဲ့ရပါတယ်။

varane france

Photo Credit: SuperSport

ဗာရန်းလို အသက်(၃၁)နှစ်နဲ့ ဘောလုံးသမားဘဝကနေ အနားယူလိုက်တာဟာ အရမ်း နှမျောစရာကောင်းတယ်လို့ ပြောဆို သတ်မှတ်နိုင်ပေမယ့် ဗာရန်းက ကစားသမားဘဝမှာ ချန်ပီယံလိဂ်ဖလား (၄)ကြိမ် ကလပ်ကမ္ဘာ့ဖလား (၄)ကြိမ် ဥရောပ စူပါဖလား (၃)ကြိမ် လာလီဂါဖလား (၃)ကြိမ် အက်ဖ်အေဖလား (၁)ကြိမ် ကိုပါဒယ်ရေးဖလား (၁)ကြိမ် စပိန် စူပါဖလား (၃)ကြိမ် လိဂ်ဖလား (၁)ကြိမ်တို့အပြင် ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလားနဲ့ UEFA Nations League ဖလားတို့ကိုပါ (၁)ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့တာကြောင့် အနိုင်နဲ့ ပိုင်းသွားခဲ့လို့တောင် ယူဆနိုင်ပါတယ်။

Featured Photo: SPORTbible