ကွီး တို့ မိနစ်အနည်းငယ်အတွင်း ကယ်လိုရီ ၂၀၀ နီးပါးလောက် လောင်ကျွမ်း စေမယ့် Workout မျိုးရှာနေပါသလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက် ဖြစ်ပါတယ်။ ကယ်လိုရီ လောင်ကျွမ်း စေတဲ့ လေ့ကျင့်ခန်းတွေ များစွာရှိတဲ့ အထဲကမှ အချိန်ကုန်သက်သာပြီး ထိရောက်မှုရှိတဲ့ Workout ကစားနည်းတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ကဲဒါဆို ဘယ် Workout ကစားနည်းတွေက ကယ်လိုရီ လောင်ကျွမ်း မှု အများဆုံး ဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) Tabata လေ့ကျင့်ခန်း

Photo : ACTIVE

Tabata လေ့ကျင့်ခန်း ဆိုတာကတော့ အချိန်မိနစ်ပိုင်းသာ ကြာမြင့်ပေမယ့် ပြင်းထန်တဲ့ HIIT လေ့ကျင့်ခန်း အမျိုးအစား ဖြစ်ပါတယ်။ Push-ups ၊ Burpees နဲ့ Squats တို့လို ခန္ဓာကိုယ် အဆီပိုတွေကို လောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းတွေ ပါဝင်ပြီး လေ့ကျင့်ခန်းပုံစံကလည်း အတော်လေး ရိုးရှင်းပါတယ်။ လေ့ကျင့်ခန်း တစ်ခုကို စက္ကန့် ၂၀ အတွင်းမှာ ပြင်းပြင်းထန်ထန်ကစားပြီး ၁၀ စက္ကန့် အနားယူရမှာ ဖြစ်ပါတယ်။ လေ့ကျင့် ခန်း တစ်ခုကို အနည်းဆုံး ၈ ကြိမ်ခန့် ကစားရမှာပါ။ နာရီဝက်အတွင်း ကယ်လိုရီ ၄၀၀ ခန့်လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးတဲ့ အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။

(၂) Intervals ပြေးခြင်း

Photo : Runtastic

Intervals ပြေးနည်း ကတော့ ခပ်ရွရွပြေးတဲ့ ပုံစံနဲ့ စတင်ပြီး တဖြေးဖြေး အရှိန်မြင့် ပြေးရမှာဖြစ်ကာ တဖန်အရှိန်ကို ပြန်လျော့ပြီး ခပ်မြန်မြန်လမ်းလျောက်တဲ့ပုံစံ ပြေးခြင်းနဲ့ အနားပေးရမှာ ဖြစ်ပါတယ်။ ဒီလိုမတူညီတဲ့ ပြေးနည်းပုံစံတွေနဲ့ အလှည့်ကျ ပြေးရမှာဖြစ်ပြီး ပြေးနည်းတစ်ခုကို စက္ကန့် ၃၀ ကနေ ၂ မိနစ်ကြား ပြေးပေးရမှာ ဖြစ်ပါတယ်။ Intervals ပြေးနည်းရဲ့ အားသာချက်တစ်ခုက ကိုယ့်ရဲ့ ပြေးနှုန်းအရှိန်နဲ့ ပြင်းထန်မှုပေါ် မူတည်ပြီး ကယ်လိုရီ များများ လောင်ကျွမ်း စေမှာဖြစ်သလို လေ့ကျင့်ခန်းလုပ်ပြီးချိန်အထိ ကယ်လိုရီ တွေ ဆက်လက်လောင်ကျွမ်း နေစေတာ ဖြစ်ပါတယ်။

(၃) တောင်အတက်အဆင်း ပြေးခြင်း

Photo : Runner’s World

ငြီးငွေ့စရာကောင်းတဲ့ လေ့ကျင့်ခန်းပုံစံတွေထဲက ခွဲထွက်ပြီး ပြင်းပြင်းထန်ထန်နဲ့ ကစားရတဲ့ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ တောင်အတက်အဆင်း ပြေးနည်းက အသင့်တော်ဆုံး ဖြစ်ပါတယ်။ ဒီပြေးနည်းဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်ရုံသာမက ကယ်လိုရီ အများအပြားကိုလည်း လောင်ကျွမ်းစေတဲ့အပြင် အနည်းငယ်မက်စောက်တဲ့ တောင်တွေပေါ်ကို ပြေးတက်ပြေးဆင်းလုပ်ရတဲ့အတွက် ပုံမှန်ထက် ဒူးကို လှုပ်ရှားပေးရတာကြောင့် ခန္ဓာကိုယ်အောက်ပိုင်း ကြွက်သားတွေကို သန်မာလာစေမှာပဲ ဖြစ်ပါတယ်။

(၄) ကြိုးခုန် လေ့ကျင့်ခန်း


Photo : Runtastic

ကြိုးခုန်း လေ့ကျင့်ခန်းကတော့ လူတိုင်းနဲ့ ရင်းနှီးပြီးသား လေ့ကျင့်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ ကြိုးရဲ့ လွဲချက်အလိုက် ခန္ဓာကိုယ် အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို ပေါင်းစပ်ပြီး ဟန်ချက်ညီညီ ခုန်ရတဲ့ လေ့ကျင့်ခန်း ဖြစ်တာကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တိုးတက်ကောင်းမွန်စေမယ့် အပြင် နှလုံးရဲ့ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြိုးခုန်း လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်ဘော်ဒီ တစ်ခုလုံးအပေါ် သက်ရောက်မှုရှိပြီး ကယ်လိုရီ အများအပြားကို လောင်ကျွမ်း စေတဲ့ အထိရောက်ဆုံး Workout  ဖြစ်ပါတယ်။

Featured Photo : Unsplash