မန်ချက်စတာ စီးတီးအသင်းက ဒီနွေမှာ ချယ်လ်ဆီးအသင်းရဲ့ ခရိုအေးရှား ကွင်းလယ် ကစားသမား မက်တီအို ကိုဗာဆစ်ကို ခေါ်ယူထားအပြီး လက်ရှိမှာတော့ ကိုဗာဆစ်ရဲ့ ခရိုအေးရှား အသင်းဖော် နောက်ခံလူ ဂဗာဒီယိုလ်ကိုပါ လိုက်ပ်ဇစ်အသင်းကနေ ထပ်မံ ခေါ်ယူသွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

kovacic

Photo Credit : City Xtra

ဘာစီလိုနာအသင်းဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်လူ ဂွန်ဒိုဂန်ရဲ့နေရာမှာ ပြန်လည် အစားထိုးဖို့အတွက် ကိုဗာဆစ်ကို ချယ်လ်ဆီးကနေ ခေါ်ယူထားခဲ့တဲ့ မန်စီးတီးအသင်းဟာ ဒီရာသီရဲ့ ဒုတိယမြောက် ကစားသမားသစ် ခေါ်ယူမှုအဖြစ် နောက်ထပ် ခရိုအေးရှားသားတစ်ဦးကို ခေါ်ယူနိုင်ပါတော့မယ်။ ဒီကစားသမားကတော့ လိုက်ပ်ဇစ် နောက်ခံလူ ဂဗာဒီယိုလ်ပါ။ ပြီးခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ခရိုအေးရှားနဲ့ တောက်ပခဲ့တဲ့ ခံစစ် ကစားသမား ဖြစ်သလို သူရဲ့ကလပ်အသင်း လိုက်ပ်ဇစ်မှာလည်း အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသထားနိုင်သူလည်း ဖြစ်ပါတယ်။

gvardiol vs city

Photo Credit : Caughtoffside

ဒါကြောင့်ပဲ ဂဗာဒီယိုလ်ကို မန်စီးတီး နည်းပြ ပက်ပ် ဂွာဒီယိုလာက သဘောတွေ့နေတာဖြစ်ပြီး ကျစ်လစ် မာကြောမှု ရှိလှတဲ့ စီးတီး ခံစစ် အစုအဖွဲ့ထဲကို ဂဗာဒီယိုလ်ကိုပါ ထပ်မံ ဖြည့်တင်းချင်နေပါတယ်။ ဂဗာဒီယိုလ် ကိုယ်တိုင်ကလည်း ဂွာဒီယိုလာလက်အောက်မှာ မန်စီးတီးအသင်းအတွက် ကစားပေးချင်နေတဲ့အတွက် မန်စီးတီးဆီ ပြောင်းရွှေ့ဖို့ အစောပိုင်းကတည်းက သဘောတူထားခဲ့ရာ အသင်းနှစ်သင်းကြား ဂဗာဒီယိုလ် ပြောင်းရွှေ့ကြေးအတွက်ကိုပဲ ဆက်လက် ညှိနှိုင်းနေခဲ့ရပါတယ်။

gvardiol

Photo Credit : TEAMtalk

အခုတော့ မန်စီးတီး နဲ့ လိုက်ပ်ဇစ်အသင်းတို့ကြား ဂဗာဒီယိုလ်အတွက် ပြောင်းရွှေ့ကြေးဆိုင်ရာ သဘောတူညီချက် ရရှိသွားခဲ့သလို ဂဗာဒီယိုလ်ဟာလည်း မန်စီးတီးမှာ ကနဦး ဆေးစစ်မှုပါ အောင်မြင်သွားခဲ့လို့ နောက်ထပ် ဆေးစစ်မှုအပြီးမှာပဲ လက်မှတ်ရေးထိုးသွားဖို့လည်း ရှိနေပါတယ်။ ဂဗာဒီယိုလ်သာ ရောက်လာခဲ့ရင်တော့ လာပေါ့တ်က အသင်းပြောင်းဖို့ သေချာသလောက် ဖြစ်သွားနိုင်ပြီး ရူဘင် နေးဗက်စ် ၊ ဂျွန် စတုန်းစ် ၊ နေသန် အကီ ၊ အကန်ဂျီတို့အပြင် ဂဗာဒီယိုလ်နဲ့ စီးတီး ခံစစ်ပိုင်းက ပိုမို မာကြောလာဖို့သာ ရှိနေပါတယ်။

Featured Photo : Zing News