လူတွေဟာ ကိုယ့်ကိုယ်ကိုယ် မကျေမနပ်ဖြစ်တာ ပိုများကြစမြဲပါ။ အမှားတစ်ခု လုပ်မိတဲ့အခါ အရင်က ရခဲ့တဲ့ အောင်မြင်မှု တွေ ချီးကျူးစကားတွေ ချက်ချင်းမေ့ပစ်လိုက်ပြီး ကိုယ့်အမှားကိုပဲ တွေးတွေးပြီး ဒေါသထွက်တာ များပါတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ထဲမှာ မကျေမချမ်းဖြစ်လာပြီဆိုရင် အခုပြောမယ့် အချက်လေးတွေ တွေးပေးဖို့ အရေးကြီးပါတယ်။

(၁) လူတိုင်း အမှားနဲ့ မကင်းနိုင်ဘူး

Sorry

Photo: Pexels

စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ဒေါသဖြစ်လာပြီဆိုရင် ကိုယ့်အမှားကိုပဲ ထပ်တလဲလဲ တွေးနေမယ့်အစား လူဟာ အမှားနဲ့ မကင်းနိုင်ဘူးဆိုတဲ့ အချက်ကို ပြန်သုံးသပ်ဖို့ လိုပါတယ်။ ကိုယ်လည်းပဲ ပြီးပြည့်စုံမှုမရှိတဲ့ လူသားထဲက တစ်ဦးဖြစ်တာကြောင့် မှားတယ်ဆိုတာ အဆန်းမဟုတ်ဘူးလို့ လက်ခံလိုက်ရင် သက်သာရာရပါလိမ့်မယ်။

(၂) ဒေါသကို ထိန်းချုပ်ပါ

Control Your Emotion

Photo: Pexels

ဒေါသဆိုတာ ပြဿနာရှာတတ်တဲ့ စိတ်ခံစားချက်ပါ။ လွှတ်ထားရင် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ အများကြီးကို ဖြစ်အောင် ရှို့မီးတို့မီးလုပ်နိုင်ပါတယ်။ ဒေါသစိတ်က သွေးဖိအားထိုးတက်စေပြီး စိတ်ဖိစီးမှုနဲ့ နှလုံးရောဂါတွေ ဖြစ်နိုင်ခြေ မြင့်စေပါတယ်။ ကိုယ်ခံအားကျဆင်းစေပြီး လူမှုရေး ၊ စီးပွားရေး အပျက်အထိ ယူဆောင်နိုင်ပါတယ်။ မှားတာက ပြင်လို့ ရပါတယ်။ လွတ်ထွက်သွားတဲ့ ဒေါသကတော့ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ကိစ္စတွေ ထိန်းလို့ရမှာ မဟုတ်ပါဘူး။

(၃) လှုပ်ရှားလိုက်ပါ

Move

Photo : Pexels

ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်လာပြီလို့ ခံစားရရင် တနုံ့နုံ့ ထိုင်တွေးမနေဘဲ ထိုင်ရာက ထပြီး လမ်းလျှောက်ပါ။ အသက်ပြင်းပြင်းရှုလိုက်ပါ။ Gym လေး ဘာလေး သွားဆော့လိုက်ပါ။

(၄) ကိုယ့်အတွင်းထဲက ဝေဖန်သံကို ဖြေလျှော့ပါ

Chess and Choice

Photo: Pexels

“ငါ ညံ့လိုက်တာ ၊ ထပ်ကြိုးစားရင်လည်း ထပ်ပဲ မှားဦးမှာ” စတဲ့ ခေါင်းထဲက လာတဲ့ မကောင်းတဲ့ တွန်းသံတွေကို လက်မခံလိုက်ပါနဲ့။ အတွေးဆိုးတွေနဲ့ စိတ်ညစ်ညူးပြီး တဝဲလည်လည် ဖြစ်နေတဲ့ အနေအထားကနေ ရုန်းထွက်ပါ။ တခြားသူတွေနဲ့ တိုင်ပင်တာ ၊ အကြံဉာဏ်တောင်းခံတာမျိုး လုပ်ပါ။ စိတ်အေးချမ်းစေမယ့် အလေ့အထလေးတွေ လုပ်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် အနားပေးပါ။ ခွင့်လွှတ်ထားပါ။ အမှားတွေကနေ သင်ခန်းစာယူပါလို့ ပြောချင်ပါတယ်။

Featured Photo : psychologytoday