လက်ရှိအချိန်မှာ ကုန်ဈေးနှုန်း များသည် အဆမတန်မြင့်တက်နေတာကြောင့် ဝင်ငွေနှင့် ထွက်ငွေမမျှကာ ပိုက်ဆံ စုဖို့အခွင့်အရေး နည်းပါးနေကြပါတယ်။ ဒေါ်လာဈေးတွေ၊ ကုန်ဈေးနှုန်း တက်တာတွေကို အကြောင်းပြပြီး ပိုက်ဆံ မစုဖြစ်ဘူးဆိုရင်တော့ ကွီးတို့ရဲ့ ရှေ့ရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။

ယခုလို ကာလမှာ ကွီးတို့ရဲ့ အသေးအဖွဲ့ အပြုအမူကအစ ပြောင်းလဲနိုင်မယ်ဆိုရင် ပိုက်ဆံစုဖို့အတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဥပမာ ကော်ဖီဆိုင်ကနေ ဈေးကြီးတဲ့ ကော်ဖီတွေ ဝယ်သောက်ခြင်းမျိုးကို မပြုလုပ်တော့ဘဲ ကိုယ့်ဘာသာကိုယ် အိမ်မှာပဲ ဖျော်သောက်တာမျိုး၊ အရင်က အွန်လိုင်းရှော့ပင်ကနေ ပစ္စည်း ၁၀ မျိုးလောက် မှာဖြစ်တယ်ဆိုရင် ယခုတစ်ခါမှာတော့ အမှန်တကယ်လိုအပ်တဲ့ ပစ္စည်းများကိုသာ မှာယူခြင်း အစရှိတဲ့ အသုံးစရိတ်များကို စီစစ်ပေးနိုင်ပါတယ်။ ထိုကဲ့သို့ အသေးအဖွဲ့ အပြုအမူများအပြင် ဘယ်လို အလေ့အကျင့်တွေက ယခုလို ကုန်ဈေးနှုန်း မြင့်တက်နေချိန်မှာ ပိုက်ဆံ စုဖြစ်အောင် ကူညီပေးနိုင်မလဲ။

တစ်ရက်သုံးငွေများကို နေ့စဉ် စာရင်းဇယားပြုလုပ်ထားပါ

ကုန်ဈေးနှုန်း ပိုက်ဆံ

Photo: Forbes

ကုန်ဈေးနှုန်းတွေကသာ တရိပ်ရိပ်တက်နေတာပါ။ လုပ်ခလစာကတော့ ဘယ်လိုအနေအထားလဲဆိုတာ ကွီးတို့ အသိဆုံးပါပဲ။ ဝင်ငွေနဲ့ ထွက်ငွေ မမျှရင် ကြာရင် ဘတ်ဂျက်ထိခိုက်ပြီး အကြွေးတွေ တစ်ပုံတစ်ပင် ဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် တစ်ရက်တာရဲ့ ကုန်ကျစရိတ်တွေကို ညစဉ် စာရင်းဇယား ပြုလုပ်ထားပါ။ တစ်လမှာ ကုန်မယ့် အခြေခံအသုံးစရိတ်များ၊ စားစရိတ်များကို ဖယ်ထားပါ။ ထို့နောက် တစ်လတာ စုဆောင်းရမယ့် ပိုက်ဆံများကို ဖယ်ထားပါ။ ပြီးရင် ဒီတစ်ရက်မှာ ဘယ်လောက် သုံးမိသွားသလဲ။ ဘယ်လောက်ပဲ သုံးနိုင်တော့မလဲ ဆိုတာကို သေသေ ချာချာ စာရင်းလုပ်ထားလိုက်ပါ။ မလိုလားအပ်တဲ့ အရာများကို မဝယ်မိအောင်လည်း ကိုယ့်စိတ်ကိုယ် ထိန်းရမှာ ဖြစ်ပါတယ်။ ကိုယ်ရဲ့တစ်လစာ စုငွေကိုတော့ မထိမိအောင် ဂရုစိုက်ရပါမယ်။

ဈေးဝယ် မထွက်ခင်မှာ ဝယ်ရမယ့် ပစ္စည်းများကို List လုပ်ထားပါ

ကုန်ဈေးနှုန်း ပိုက်ဆံ

Photo: Everydaycheapskate

ဟင်းစားများ ဝယ်ဖို့အတွက်ဆိုရင်လည်း ဈေးသွားမဝယ်ခင်မှာ ဘယ်အစားအစာတွေ ဝယ်ချင်တာလဲဆိုတာကို စာရင်းပြုစုသွားပါ။ အခြားသော အိမ်သုံးပစ္စည်းများ၊ ကိုယ်ပိုင်သုံးပစ္စည်းများ ဝယ်ချင်တဲ့အခါမှာလည်း ထိုနည်းအတိုင်းပါပဲ။ ကိုယ် အမှန်တကယ်လိုအပ်တဲ့ ပစ္စည်းများကို List လုပ်သွားပါ။ ဒါမှ ဈေးဆိုင်များ၊ စူပါမားကတ်များ ရောက်တဲ့အခါ List ထဲ မပါတဲ့ မလိုအပ်တဲ့ အပိုပစ္စည်းများကို မဝယ်မိတော့မှာပဲဖြစ်ပါတယ်။ ပစ္စည်းအားလုံး ဝယ်ပြီးတဲ့အခါမှာလည်း စောစောက ပြောခဲ့သလိုပဲ တစ်ရက်တာသုံးငွေများကို စာရင်းဇယား ပြုလုပ်ဖို့ မမေ့ပါနဲ့။

စားသောက်ဆိုင်များတွင် အပြင်စာ စားခြင်းမှ ရှောင်ကြဉ်ပါ

ကုန်ဈေးနှုန်း ပိုက်ဆံ

ကွီးတို့ တစ်လလျှင် ဘယ်နှကြိမ်လောက် အပြင်စာ စားဖြစ်ပါသလဲ။ တစ်ခါတစ်လေမှာ အလုပ်ကြိုးစားတဲ့ ကိုယ့်ကိုယ်ကို ဆုချချင်တဲ့အနေနဲ့ တစ်လမှာ တစ်ကြိမ်လောက် စားဖြစ်တာကတော့ ပြဿနာ မရှိလောက်ပါဘူး။ သို့သော် ကိုယ့်ရဲ့ စုငွေများ၊ တစ်လစာ သုံးရမယ့် စရိတ်များကို ဖယ်ပြီးမှသာလျှင် ကျန်တဲ့ပိုက်ဆံနဲ့ ဝယ်စားသင့်ပါတယ်။ ဈေးကြီးလွန်းတဲ့ ဆိုင်မှာလည်း မစားပါနဲ့။ ဖြစ်နိုင်မယ်ဆိုရင် ကိုယ် စားချင်တာကို ကိုယ့်ဘာသာကိုယ် လုပ်စားပါ။ အွန်လိုင်းပေါ်မှာလည်း လွယ်ကူရိုးရှင်းတဲ့ ဟင်းချက်နည်းတွေက အများကြီးပါပဲ။ ကိုယ့်ဘာသာ လုပ်စားလို့ရတယ်မဟုတ်လား။

အွန်လိုင်းတွင် ဈေးဝယ်ခြင်းကို ကန့်သတ်လိုက်ပါ

ကုန်ဈေးနှုန်း ပိုက်ဆံ

ဒီနည်းလမ်းကတော့ စောစောက ပြောခဲ့သလိုပါပဲ။ ယခင်က အွန်လိုင်းမှာ ဘယ်လောက်ပဲ ဈေးဝယ်ခဲ့ပါစေ။ ယခုအချိန်မှာတော့ အွန်လိုင်းရှော့ပင်းများ ပြုလုပ်ကာ ဈေးဝယ်ခြင်းကို ကန့်သတ်ထားသင့်ပါပြီ။ မဖြစ်မနေ ဝယ်ရမယ်ဆိုမှ ဝယ်ပါ။ အကုန်လုံးက အချိန်နဲ့ တပြေးညီ ဈေးတက်နေတာဖြစ်တဲ့ အတွက်ကြောင့် ကိုယ့်ရဲ့ အသုံးစရိတ်ကို လျော့ချနိုင်လေ ပိုက်ဆံမများများ စုနိုင်လေပါပဲ။

တစ်ခုခု ဝယ်ချင်ပါက ရက် ၃၀ စောင့်ပါ

man shopping

ကိုယ်က တစ်ခုခုကို မျက်စိကျပြီး အလွန်အမင်း ဝယ်ယူချင်နေပြီဆိုပါစို့။ မိမိစိတ်ကို အလိုလိုက်ပြီး ချက်ချင်းမဝယ်လိုက်ပါနဲ့။ ကိုယ့်ကိုယ်ကို စိတ်အေးသွားအောင်လို့ ရက် ၃၀ လောက် စောင့်ကြည့်လိုက်ပါ။ တကယ်လို့ သင့်အတွက် ရက် ၃၀ က အရမ်းကြာလွန်းတယ်လို့ ထင်ရင် ၃ ရက်လောက်သာ ထပ်စောင့်ကြည့်ပါ။ ထိုအချိန်မှာတော့ သင့်ရဲ့စိတ်က လိုချင်သေးသလား၊ မလိုချင်တော့ဘူးလားဆိုတာကို ဆုံးဖြတ်နိုင်ပါတယ်။

၅၀ ၊ ၃၀ ၊ ၂၀ စည်းမျဉ်း အသုံးပြုပါ

man and money

ဒီနည်းလမ်းကတော့ အမှန်တကယ် ထိရောက်မှုရှိတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ကွီးတို့ အခွန်ဆောင်ပြီးသား လစာများမှ ၂၀ ရာခိုင်နှုန်းကို စုဆောင်းဖို့နှင့် အကြွေးများ ပေးချေစရာရှိပါက ပေးချေဖို့ရန်အတွက် ဖယ်ထားလိုက်ပါ။ ၃၀ ရာခိုင်နှုန်းကတော့ ကိုယ်လိုချင်တဲ့အရာများအတွက် ဖယ်ထားရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကတော့ ကိုယ့်အတွက် မရှိမဖြစ်လိုအပ်တဲ့ အသုံးစရိတ်များ၊ အခြေခံကုန်ကျစရိတ်များ၊ စားသောက်စရိတ်များအတွက် ဖယ်ထားရမှာပဲ ဖြစ်ပါတယ်။ ပိုက်ဆံတွေကိုလည်း သူ့ဖယ်ထားတဲ့ ဝေစုထဲက သူ့ဘာသာသူ ယူသုံးတတ်ဖို့လိုအပ်ပါတယ်။ ဥပမာ အသုံးစရိတ်ကိုလည်း သေချာလောက်ငှအောင် စိစစ်ရမှာဖြစ်ပြီး အသုံးစရိတ်မလောက်လို့ စုဆောင်းထားတဲ့ ၂၀ ရာခိုင်နှုန်းကို မထိမိအောင် သေချာကြိုးစားရမှာပဲ ဖြစ်ပါတယ်။

ဒီလိုအချက်များကို သိထားပြီဆိုရင်တော့ ကွီးတို့ရဲ့ရှေ့ရေးအတွက် အနှောင့်အယှက်မရှိဘဲ ပိုက်ဆံကောင်းကောင်းစုနိုင်မှာပဲ ဖြစ်ပါတယ်။

Source: Nerdwallet

Featured Image: Life.futuregenerali.in