လူတိုင်းဟာ အသက်ရှင်ရပ်တည်ရေးအတွက် အလုပ်အကိုင်တစ်ခုမဟုတ် တစ်ခု လုပ်ပြီး အသက်မွေးရတာပါပဲ။ အလုပ်ဟာ လူ့ဘဝရပ်တည်ရေးမှာ မရှိမဖြစ် လိုအပ်တယ်ဆိုတာ ငြင်းမရပါဘူး။ ဒါပေမယ့်လည်း အလုပ်ကြောင့် ဘဝရဲ့ ပျော်ရွှင်မှုတွေ ထိခိုက်လာရတော့မယ်ဆိုရင် ပြဿနာ ရှိလာပါတယ်။ ရေရှည်မှာ ရုပ်ပိုင်းရော စိတ်ပိုင်းအရပါ ထိခိုက်နစ်နာလာနိုင်ပါတယ်။ ဒါကြောင့်ပဲ လူမှုဘဝစိတ်ပညာအတိုင်ပင်ခံ ကျွမ်းကျင်သူတွေက အလုပ်နဲ့ဘဝ ဟန်ချက်မျှစေဖို့ Work-Life Balance ရှာဖွေဖို့ အကြံပြုကြတာ ဖြစ်ပါတယ်။ အခုလို ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်း အိမ်ကနေ အလုပ်လုပ်ရတဲ့အခါ အိမ်တွင်းရေးနဲ့ အလုပ်အကိုင်တာဝန်တွေကို ဟန်ချက်မျှရေးဟာ အလွန်ပဲ အရေးကြီးလာပါတယ်။ Overworking ဖြစ်ပြီး မိသားစုကို ပစ်ထားရာ မရောက်အောင် အလုပ်တာဝန်တွေလည်း ဖြစ်မြောက်အောင်မြင်အောင် လုပ်ဖြစ်ဖို့အတွက်ဆို အခုပြောမယ့် အချက်လေးတွေ လိုက်နာဖို့ လိုပါတယ်။

(၁) နေ့စဉ် အချိန်ဇယားထားပါ

Work life

Photo : Pexels

တစ်နေ့ချင်း တစ်နေ့ချင်းအတွက် ကိုယ်တိုင် စီမံခန့်ခွဲနိုင်တဲ့ ပန်းတိုင် Manageable Goals လေးတွေ ချမှတ်ထားဖို့ အကြံပြုချင်ပါတယ်။ တစ်ရက်စာ ပန်းတိုင်ထားတာဟာ ကိုယ့်ရဲ့ စွမ်းအင် နဲ့ အချိန်အတွက် Time & Energy Management ချပြီး ဖြစ်စေသလို အချိန်ဇယားအလိုက် မိသားစုအတွက် ဘယ်အချိန်မှာ အချိန်ပေးမလဲ ၊ ကိုယ့်ရဲ့ Personal Life အတွက် ဘယ်အချိန် သီးသန့်အချိန်ယူမလဲအပြင် အလုပ်တာဝန်တွေကနေ မဖြစ်မနေ နားဖို့အတွက်ပါ စီစဉ်ပြီး ဖြစ်စေမှာပါ။

Social Psychologists တွေကတော့ ဦးစားပေး အချက်လေးတွေနဲ့ Priorities Lists တွေ ထားဖို့ အကြံပေးကြပါတယ်။ ဦးစားပေး လုပ်စရာလေးတွေ စီစဉ်ထားခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှုနဲ့ အလုပ်ပြီးမြောက် အောင်မြင်မှု ခံစားချက်မျိုး ရရှိစေနိုင်မှာပါ။ အရေးကြီးတဲ့ လုပ်စရာတွေလည်း မေ့မကျန်ဘဲ လုပ်ဖြစ်စေသလို မလိုအပ်ဘဲ အချိန်အလဟဿဖြစ်မှာမျိုးလည်း ရှောင်ရှားပြီး ဖြစ်စေမှာပါ။

အချိန်ကို သေချာစီမံတတ်မယ်ဆိုရင် ကိုယ့်ရဲ့ လုပ်အားနဲ့ အလုပ်လုပ်နိုင်စွမ်းလည်း အလေအလွင့်မရှိ ထိထိရောက်ရောက် အာရုံစိုက်ပြီး အသုံးချလာနိုင်ပါတယ်။ နားချိန်မှာ နားပြီး အလုပ်ချိန်မှာ အလုပ်လုပ်ဖို့ ခွဲထားခြင်းအားဖြင့် အလုပ်ဝန်ပိတာမျိုး မဖြစ်တော့ဘဲ စိတ်ကြည်ကြည်လင်လင်နဲ့ အလုပ်တွင်အောင် လုပ်နိုင်မှာ ဖြစ်ပါတယ်။ အလုပ်ပေါ်လည်း ပိုပြီး Focus ထားနိုင်လို့ ထိရောက်ပြီး ပြောင်မြောက်တဲ့ ရလဒ်တွေ ရရှိစေမှာပါ။

(၂) အနားယူပါ

Music

Photo : Pexels

အလုပ်လုပ်ရာမှာ နားတတ်ဖို့ကလည်း အရေးကြီးပါတယ်။ ဆက်တိုက် အလုပ်စားပွဲမှာ တောက်လျှောက် ထိုင်ပြီး လုပ်လို့လည်း ခေါင်းထဲက ဘာမှ အိုင်ဒီယာ ထွက်မလာရင် ကိုယ်လုပ်နေတဲ့ အလုပ်ပေါ်ပါ စိတ်ကုန်သွားနိုင်ပါတယ်။ အလုပ်က ဘယ်လောက် အရေးကြီးကြီး ကိုယ့်ရဲ့ တစ်ကိုယ်ရည် ကိုယ်/စိတ်ကျန်းမာရေးကို မြှင့်တင်ဖို့လည်း အရေးကြီးတယ်ဆိုတာ မမေ့သင့်ပါဘူး။

၁၀-၁၅ မိနစ်လောက် Small Breaks ပေးပြီး နားလိုက်တာဟာ ခေါင်းကို ရှင်းပြီးသား ဖြစ်စေသလို အလုပ်မှာ ကြုံနေရတဲ့ စိတ်ဖိစီးမှု ၊ တင်းကြပ်မှု နဲ့ ဆုံးဖြတ်ချက် မချနိုင်ဖြစ်နေတဲ့ အခက်အခဲတွေကိုလည်း ကျော်လွှားနိုင်အောင် ကူညီပေးပါတယ်။ အိမ်မှာ နေရင်း အလုပ်လုပ်ရတဲ့ Work From Home ကာလမျိုးမှာဆို ပို အရေးကြီးပါတယ်။ Work From Home တို့ Freelancer တို့လို Digital Nomads တွေဟာ ကိုယ့်ရဲ့ အချိန်ကို ကိုယ်တိုင်စီမံခန့်ခွဲရတာပါ။ ကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းကို ကိုယ်တိုင် နေရာချရတာ ဖြစ်ပါတယ်။

ဒီလိုလူတွေအတွက် ရုံးချိန်ရယ်လို့ မရှိပါဘူး။ သူတို့အနေနဲ့ မိသားစုအတွက်ရော ကိုယ့်အတွက်ပါ အချိန်ပေးချင်တယ် ၊ အလုပ် နဲ့ ဘဝ Work-Life Balance မျှချင်တယ် ဆိုရင် ကိုယ်တိုင် နားချိန် ၊ စားချိန် ၊ အလုပ်လုပ်ချိန် နဲ့ Personal အချိန်တွေ သတ်မှတ်ထားဖို့ လိုပါတယ်။ ကိုယ့်အတွက် ကိုယ်တိုင် သတ်မှတ်ထားတဲ့ ရုံးပိတ်ချိန် ရုံးဖွင့်ချိန် နဲ့ အလုပ်စားပွဲက ခွာချိန် ကပ်ချိန်တွေ ရှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ကိုယ့်အချိန်ဇယားထဲမှာ မဖြစ်မနေ ပါရမယ့် အချိန်တွေဟာ အလုပ်ကိစ္စချည်း ဖြစ်မနေဖို့ ကိုယ်တိုင်ပဲ စီစဉ်ရမှာပါ။

(၃) ပျော်စရာလေးတွေ လုပ်ပါ

Computer

Photo : Pexels

အလုပ်က သင့်ကို လုပ်ခလစာတင် ပေးတာမဟုတ်ပါဘူး။ သင့်အချိန် ၊ စိတ်ဖိစီးမှု နဲ့ တာဝန်ဝတ္တရားတွေကိုပါ ပေးတာပါ။ ကိုယ့်ပျော်ရွှင်မှုနဲ့ စိတ်ကျန်းမာရေးအတွက်တော့ ကိုယ့်ဘာသာပဲ တာဝန်ယူရပါလိမ့်မယ်။ ဘာပဲလုပ်လုပ် ပျော်အောင်လုပ်နေဖို့ လိုပါတယ်။ ပျော်ရွှင်ပေါ့ပါးနေတဲ့ ခေါင်းတစ်လုံးက အဖိုးတန်ဆုံး အိုင်ဒီယာတွေကို ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။

ဒါကြောင့် ကိုယ်ပျော်မယ့်အရာလေးတွေ လုပ်ပေးဖို့လည်း ပြောချင်ပါတယ်။ သီချင်းနားထောင်ရတာ ဝါသနာပါရင် ကိုယ်အကြိုက်ဆုံး အယ်လ်ဘမ်လေးတွေ ဖွင့်ထားပြီး အလုပ်လုပ်တာ ဒါမှမဟုတ်လည်း Break Time ယူပြီး ဂစ်တာတီးတာ ၊ အားကစားလုပ်တာ ၊ မိသားစု / မိတ်ဆွေတွေနဲ့ စကားပြောတာမျိုးတွေလည်း လုပ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

Featured Photo : Samsung Insights