မိတ်ဆွေတို့ ပတ်ဝန်းကျင်မှာ အောင်မြင်နေသူတွေ ရှိသလို အရှုံးသမားတွေကိုလည်း တွေ့ဖူးမှာပါ။ မိတ်ဆွေတို့ရော ဘယ်လို အမျိုးအစားထဲမှာ ပါချင်ပါသလဲ။ အောင်မြင်နေသူတွေနဲ့ အရှုံးသမားရဲ့ ကွာခြားချက်တွေကို တိတိကျကျ မမြင်နိုင်ဘူးဆိုရင်တောင် လက်ရှိမှာတော့ သူတို့ရဲ့ ဘဝအခြေအနေတွေက ကွာခြားနေတာ မြင်သာတယ် မဟုတ်ပါလား။ အောင်မြင်နေသူတွေ ထိုက်သင့်တဲ့ ကြိုးစားအားထုတ်မှုတွေ၊ ယုံကြည်ချက်တွေ၊ သင်ခန်းစာတွေကနေ သင်ယူမှုတွေနဲ့ အချိန်တွေ ရင်းနှီးမြှပ်နှံခဲ့တယ်ဆိုတာတော့ ငြင်းဖွယ်မရှိပါဘူး။ ဒါဆို အရှုံးသမားတွေကရော ဘာတွေ ပြုလုပ်နေခဲ့လို့ ကျရှုံးမှု တွေနဲ့ ရင်ဆိုင်ခဲ့ရတာလဲ၊ မိမိကိုယ်တိုင် လုပ်နေတာတွေကရော ကျရှုံးဖို့ အတွက် လက်တစ်ကမ်းမှာပဲ ရှိနေတယ်ဆိုတာ သတိပြုမိသလား။ ဒီနေ့မှာတော့ မိတ်ဆွေတို့ရဲ့ ဘယ်လိုမျိုး ကျရှုံးမှုဆီကို ဦးတည်သွားစေသလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်။
အချိန်ကို တန်ဖိုးမထားခြင်း
Photo : Excuse Index
ဒီအချက်ကတော့ လူတွေရဲ့ ဘဝကို လုံးဝကို ကွဲပြားသွားစေတဲ့ အချက်ပါပဲ။ အောင်မြင်အောင် ကြိုစားနေသူတိုင်း၊ အောင်မြင်ချင်စိတ်ရှိသူတိုင်းက အချိန်ကို ကောင်းကောင်းအသုံးချနေတဲ့ အချိန်မှာ အရှုံးသမားတွေကတော့ တန်းတူညီမျှရတဲ့ အချိန်ကို တန်းဖိုးမထား အသုံးမချဘဲ အချိန်ဖြုန်းနေတတ်ကြပါတယ်။ အရှုံးသမား အများစု သို့မဟုတ် တိုးတက်ချင်စိတ်မရှိသူတိုင်းမှာ တူညီတဲ့အချက်ကတော့ အချိန်ကို တန်ဖိုးမထားကြတာပါပဲ။ ကိုယ်ကိုယ်တိုင်က အချိန်ကို တန်ဖိုးမထားရင် ဘယ်သူမှ မိမိအချိန်ကို တန်ဖိုးထားပေးမှာ မဟုတ်ပါဘူး။ ဒါက ကိုယ့်ဘဝရဲ့ တတ်လမ်းတွေကို လုံးဝပိတ်ပင်မိလိုက်တဲ့ အချက်တွေပါ။ မိတ်ဆွေတို့လည်း အချိန်တွေ ဖြုန်းမိနေသလား၊ တန်ဖိုးမထားဘဲ နေမိသလား၊ လုပ်စရာရှိတာတွေကို အချိန်ဆွဲမိနေသလားဆိုတာ၊ ကိုယ့်ကိုယ်ကို ပြန်မေးပါ။ အရှုံးသမား မဖြစ်ချင်ရင် အခုပဲ အချိန်ဖြုန်းတာကို ရပ်တန့်ပစ်လိုက်ပါ။
ရည်မှန်းချက် ပန်းတိုင်မရှိခြင်း
Photo : Neil Strauss
ကိုယ့်ရဲ့ ဘဝအတွက် ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာ သေချာသိဖို့လိုပါတယ်။ ဘဝမှာ အသက်အရွယ်အလိုက်ဖြစ်စေ၊ အချိန်အပိုင်းအခြားအလိုက်ဖြစ်စေ ရည်မှန်းချက်ပန်းတိုင်တွေ ရှိသင့်ပါတယ်။ ကိုယ်ဖြစ်ချင်တာကို မသိတဲ့သူ၊ ရည်မှန်းချက်ပန်းတိုင်မရှိတဲ့သူဟာ ကြိုးပြတ်နေတဲ့ စွန်လိုပါပဲ။ ဦးတည်ရာမရှိ လွင့်မြောနေမှာပါ။ ရည်မှန်းချက်ပန်းတိုင်မရှိသူ အဖို့ ကျရှုံးဖို့ က လက်တစ်ကမ်းမှာပဲ ဆိုတာ နားလည်ထားဖို့လိုပါတယ်။ အောင်မြင်နေသူတိုင်းမှာ ရည်မှန်းချက်ပန်းတိုင်တွေ ကိုယ်စီရှိကြပါတယ်။ ထိုရည်မှန်းချက် ပန်းတိုင် ရောက်ဖို့လည်း တစိုက်မတ်မတ် ကြိုးစားလေ့ရှိကြပါတယ်။ ဒါကြောင့် မိတ်ဆွေတို့လည်း ကိုယ့်ဘဝအတွက် ဖြစ်ချင်တဲ့ အရာ၊ ပန်းတိုင်ကို သိအောင်လုပ်ပါ။ ပန်းတိုင်ရှိလာပြီဆိုရင် ထိုပန်းတိုင်ကို အရောက်လှမ်းဖို့ စိတ်အားထက်သန်မှုတွေ ရှိလာပါလိမ့်မယ်။
အမြဲ ဆင်ခြေပေးတတ်ခြင်း
Photo : Khaleej Times
အရှုံးသမား အများစုက ၎င်းတို့ ပြီးမြောက်အောင်မြင်အောင် မလုပ်နိုင်တဲ့ အရာတွေအတွက် အမြဲ ဆင်ခြေတွေ၊ အကြောင်းပြချက်တွေ ပေးလေ့ရှိပါတယ်။ ၎င်းတို့ရဲ့ အမှားတွေ၊ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အရာတွေအတွက် ပြန်လည်ကြိုးစားဖို့၊ သင်ခန်းစာယူဖို့ ဘယ်တော့မှ မစဉ်းစားကြပါဘူး။ အဲ့ဒီအစား အကြောင်းပြချက်တွေပဲ ရှာလေ့ရှိပါတယ်။ မိတ်ဆွေတို့လည်း ဒီလိုဆင်ခြင်ပေးတတ်တဲ့ အကျင့်ရှိနေရင် ချက်ချင်း ပြင်ဆင်ဖို့လိုပါတယ်။
ပျင်းရိခြင်း
Photo : Entrepreneur
ပျင်းရိသူများအတွက် အောင်မြင်မှုမှာ လုံးဝနေရာမရှိပါဘူး။ လူဆိုတာ တစ်ခါတစ်ရံ ပျင်းရိတတ်ပါတယ်။ သို့သော်လည်း ထိုပျင်းရိတတ်တဲ့ အကျင့်ကို မပြင်ဘဲ ထားရင် ထိုအကျင့်ကစွဲသွားပြီး မိတ်ဆွေတို့ဘဝ တတ်လမ်းအားလုံးကို ပိတ်သွားပါလိမ့်မယ်။ အောင်မြင်ချင်တဲ့ သူတွေက ကြိုးသားနေတဲ့ အချိန်မှာ ကိုယ်က ပျင်းရိနေရင် ဘက်ပေါင်းစုံကနေ နောက်မှာ ကျန်ခဲ့ပါလိမ့်မယ်။ ဒါကြောင့် ပျင်းရိတဲ့ အကျင့်ကို ပြင်ဖို့လိုပါတယ်။
တာဝန်ယူမှု တာဝန်ခံမှု မရှိခြင်း
Photo : French Iceberg
ကိုယ်လုပ်တဲ့ အလုပ် ဒါမှမဟုတ် ကိုယ့်ရဲ့ အမှားတွေအတွက် ပြီးဆုံးတဲ့အထိ တာဝန်ယူရပါမယ်။ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ သူမျိုးကို ဘယ်သူမှ အလုပ်မခိုင်းချင်သလို ဘယ်သူမှလဲ အတူတွဲပြီး အလုပ်လုပ်ချင်မှာ မရှိပါဘူး။ ဒါ့အပြင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိခြင်းက လူကြီးလူကောင်းတို့မှာ တွေ့ရလေ့ရှိတဲ့ အမှုအကျင့်တစ်ခုပါ။ ကိုယ့်ရဲ့ ဘဝတိုးတက်ဖို့ပဲ ဖြစ်ဖြစ်၊ သူတစ်ပါး ယုံကြည်စိတ်ချစွာ မိမိနဲ့ အလုပ်တွဲလုပ်နိုင်ဖို့ပဲ ဖြစ်ဖြစ် ကိုယ်လုပ်တဲ့ အလုပ်အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့လိုပါတယ်။
ဇွဲမရှိခြင်း
Photo : TheFW
ဘဝမှာ အောင်မြင်မှု ရရှိရန်အတွက် မိတ်ဆွေတို့ အနေနဲ့ ဇွဲရှိဖို့လည်းလိုပါတယ်။ ဘဝမှာ ရှုံးနိမ့်မှုတွေ ကြုံတွေ့နိုင်ပါတယ်၊ဒါပေမဲ့ အရှုံး မပေးပါနဲ့။ ဘယ်အလုပ်မဆို ဇွဲ နဲ့ လုပ်ဆောင်ရပါမယ်။ စိတ်အားထက်သန်မှုအပြင် ကြီးသော ဇွဲ လုံ့လရှိခြင်းဟာ မိတ်ဆွေတို့ကို အောင်မြင်မှု ရရှိစေနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ လွယ်လွယ်ကူကူ အရှုံးပေးတတ်တာ၊ တစ်ခုခုဆို ပြီးမြောက်အောင်မြင်သည်အထိ ဇွဲရှိရှိ မလုပ်ဆောင်တာက အရှုံးသမားဖြစ်ဖို့ လမ်းစပါပဲ။
မိတ်ဆွေတို့အနေနဲ့ ဒီလိုအချက်တွေထဲက တစ်ချက်ဖြစ်စေ၊ တစ်ချက်ထက်ပိုပြီး ဖြစ်စေ လုပ်မိနေပါသလား။ ဒါဆိုရင်တော့ ချက်ချင်းပြင်ဆင်ဖို့လိုပါတယ်။ ဒီအချက်တွေကို အချိန်မီ မရပ်တန့်ဖူးဆိုရင် ကျရှုံးဖို့ လက်တစ်ကမ်းမှာပဲ ရောက်ရှိသွားနိုင်ပါတယ်။
Source : Motivation
Featured Photo : Better Up