ရာအူး ဂွန်ဇာလက်ဇ် ၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့လို တကယ့်ကို ဒိတ်ဒိတ်ကြဲ ကစားသမားကြီးတွေ ဝတ်ဆင်သွားခဲ့ကြတဲ့ ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ကျောနံပါတ်(၇)ဟာ ဆိုရင်တော့ဖြင့် လက်ရှိ ဝတ်ဆင်ထားသူ အီဒင်ဟာဇက် လက်ထက်မှာ ဒီကျောနံပါတ်ရဲ့ ကျော်ကြားမှုက မှေးမှိန်နေရတာကြောင့် လာမဲ့ ရာသီမှာ အသင်းရဲ့ ကြယ်ပွင့်လေး ဗင်နီစီယပ်စ် ကို ကျောနံပါတ် (၇) အဖြစ် လွှဲပြောင်းပေးသွားဖွယ် ရှိနေပါတယ်။
Photo Credit : The Real Champs
ရော်နယ်လ်ဒို ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့သွားချိန်မှာ အသင်းရဲ့ တိုက်စစ်ကစားသမား မာရီယာနိုဒီးယက်ဇ်ထံ ကျောနံပါတ်(၇)ကို လွှဲပြောင်းပေးခဲ့ပေမဲ့ အသင်းပရိသတ်များစွာက ဒီလို ဂန္တဝင် ကျောနံပါတ်တစ်ခုကို အသင်းရဲ့ ပွဲထွက်လူစာရင်းထဲမှာတောင် မပါဝင်နိုင်တဲ့ ကစားသမားကိုမှ ဒီလို နံပါတ်ပေးထားတဲ့အပေါ် လက်မခံနိုင် ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ဟာဇက်ကို အသင်းဆီ ခေါ်ယူခဲ့ချိန်မှာပဲ ရီးယဲလ်က ဟာဇက်ကိုသာ ကျောနံပါတ် (၇) ကို လွှဲပြောင်းပေးလိုက်ပါတယ်။
Photo Credit : The Real Champs
ဟာဇက်လို ထိပ်တန်း ကစားသမားတစ်ဦးကို ကျောနံပါတ် (၇) နဲ့ တွဲမြင်ရတာက ရီးယဲလ်ပရိသတ်တွေအတွက် စိတ်ကျေနပ်စရာ ဖြစ်လာနိုင်ပေမဲ့ ဟာဇက်ရဲ့ စွမ်းဆောင်ရည်တွေကတော့ ကျေနပ်စရာ အနေအထားမှာ ရှိမနေပဲ ဒဏ်ရာတွေနဲ့ လုံးပန်းနေရသလို ခြေစွမ်းလည်း မတည်ငြိမ်နေတာကြောင့် သူ့ကို လာမဲ့ နွေရာသီ ဈေးကွက်ထဲမှာပဲ ရောင်းထုတ်သွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ဟာဇက်ကိုသာ ရောင်းချလိုက်မယ်ဆိုရင် လစ်လပ်သွားမဲ့ ကျောနံပါတ်(၇)နေရာကို ဘယ်ကစားသမားက ဆက်ခံသွားနိုင်မလဲ။
Photo Credit : Mundiario
လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ရီးယဲလ်အသင်းက လာမဲ့ ဘောလုံးရာသီမှာ ကျောနံပါတ် (၇)ရဲ့ ပိုင်ရှင်သစ်အဖြစ် အသင်းရဲ့ ဘရာဇီးလ် ကြယ်ပွင့်လေး ဗင်နီစီယပ်စ် ကို လွှဲပြောင်းပေးသွားမယ်လို့ သိရှိရပါတယ်။ ကျောနံပါတ်(၂၀)ကို ဝတ်ဆင်ကစားနေတဲ့ ဘယ်တောင်ပံ ကစားသမားလေး ဗင်နီစီယပ်စ်ဟာ ရီးယဲလ်အသင်းမှာ အတော်လေး တောက်ပလျက် ရှိနေသူဖြစ်ပြီး အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသထားနိုင်တာကြောင့် ရီးယဲလ်အနေနဲ့ ဟာဇက်ကိုသာ အသင်းက ရောင်းချပြီးတာနဲ့ ဗင်နီစီယပ်စ်ကို ကျောနံပါတ် (၇) ပိုင်ရှင်သစ်အဖြစ် လွှဲပြောင်းပေးဖွယ် ရှိနေပါတယ်။
Featured Photo : Twitter