လူတော်တော်များများက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံကို ထိန်းသိမ်းထားဖို့ အလုပ်မအားသေးဘူး ၊ အချိန်မရှိဘူးဆိုတဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့ ဆင်ခြင်ပေးတက် ကြပါတယ်။ တကယ်တော့ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အလုပ်ပေါ်မှာ အချိန်ပေးသလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝနေထိုင်မှုပုံစံ တစ်ခုရဖို့ အတွက်လည်း အချိန်ပေးရမှာပါ။ အလုပ်နဲ့ ကိုယ်ပိုင်ဘဝ ဟန်ချက်ညီနေမှလည်း ကျန်းကျန်းမာမာနဲ့ အောင်မြင်ပျော်ရွှင်တဲ့ ဘဝတစ်ခုဆီကို ချီတက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ အလုပ်များပြီး အားလပ်ချိန်နည်းတဲ့ ကွီး တို့အနေနဲ့ ကျန်းမာတဲ့ Healthy Lifestyle တစ်ခုရဖို့ လိုက်နာရမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) အချိန်ဇယား တစ်ခုဆွဲထားပါ

ကွီး Healthy Lifestyle
Photo : Medium

စနစ်တကျနဲ့ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ထိန်းသိမ်းဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုကတော့ တစ်နေ့တာ လုပ်ငန်းဆောင်တွေနဲ့ ပတ်သတ်ပြီး အချိန်ဇယားတစ်ခု သေချာခွဲထားဖို့ပဲ ဖြစ်ပါတယ်။ တစ်နေ့တာအတွက် လုပ်ဆောင်ရမယ့် အလုပ်တွေကို စနစ်တကျ အချိန်ခွဲ ထားတာဟာ အလုပ်ပြီးမြောက်မြန်ဆန်စေသလို ကျန်းမာတဲ့ လူနေမှုဘဝအတွက် လှုပ်ရှားမှုတွေမှာ ပါဝင်နိုင်ဖို့ အချိန်ပိုတစ်ခု ထွက်လာစေမှာ ဖြစ်ပါတယ်။

(၂) အိပ်ချိန်ကို အလေးထားပါ

Photo : GQ

လူတစ်ယောက်အတွက် လုံလောက်တဲ့ အိပ်စက်အနားယူချိန်ရှိဖို့က အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးသလို ကြွက်သားနဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။ ပြောရမယ်ဆိုရင် ညဘက် လုံလောက်စွာ အိပ်စက်အနားယူမှသာ  စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အလုပ်များတဲ့သူတစ်ယောက်ဖြစ်နေပါစေ ညဘက်မှာ မအိပ်မနေ အလုပ်လုပ်တာမျိုး ရှောင်ကြဉ်သင့်ပြီး အိပ်ချိန်လုံလောက်စွာ အိပ်စက်အနားယူဖို့ အကြံပြုချင်ပါတယ်။

(၃) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ


Photo : Men’s Health

အားလပ်ချိန်နည်းလို့ Gym မသွားနိုင်ဘူးဆိုရင်တောင် အနည်းဆုံး တစ်ရက်ကို နာရီဝက်လောက် အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုခု ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တာဟာ စိတ်ဖိစီးမှုကို နည်းစေပြီး ကျန်းမာကြံ့ခိုင်တဲ့ ဘဝနေထိုင်မှုပုံစံတစ်ခု ပုံဖော်ရာမှာ အဓိက ကျပါတယ်။ ကိုယ်လက်လှုပ်ရှားမှုဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ အကျိုးများစေတဲ့အတွက် တစ်ရက်ကို မိနစ် ၂၀ ကနေ နာရီဝက်လောက်အချိန်ပေးပြီး လမ်းလျောက်တာ ၊ စက်ဘီးနင်းတာ ၊ ပေါ့ပေါ့ပါးပါး Cardio ကစားတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

(၄) ကျန်းမာတဲ့ အလေ့အထတွေ မွေးမြူပါ

Photo : iStock

သေးသေးမွှားမွှား နေ့စဉ်အလေ့အထလေးတွေဟာ ကျန်းမာတဲ့ လူနေမှုဘဝပုံစံတစ်ခု ရဖို့ များစွာအထောက်အကူ ဖြစ်စေပါတယ်။ မနက်စောစော အိပ်ရာထတာ ၊ မနက် ၁၀ နာရီမတိုင်ခင်အတွင်း အာဟာရပြည့်ဝတဲ့ မနက်စာတစ်ခွက် ပုံမှန်စားတာ ၊ တစ်နေ့တာလုံးမှာ ရေများများသောက်တာ ၊ ကယ်လိုရီပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်တာ ၊ သကြားနဲ့ ဆားလျော့စားတာ ၊ စိတ်ဖိစီးမှုနဲ့ ဖိအားတွေ လျော့ကျစေမယ့် လှုပ်ရှားမှုလေးတွေ လုပ်ဆောင်တာ ၊ တစ်ကိုယ်ရည် သီးသန့်အချိန်ကုန်ဆုံးတာ စသည်ဖြင့် ကျန်းမာတဲ့ အလေ့အထကောင်းလေးတွေကို မွေးမြူသွားခြင်းဖြင့် အလုပ်နဲ့ ကိုယ်ပိုင်ဘဝ ဟန်ချက် ညီမျှပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Healthy Lifestyle တစ်ခု ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Entrepreneur