လူ့ပတ်ဝန်းကျင်မှာ ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်ဘဲ တစ်ယောက်တည်း တစ်သီးပုဂ္ဂလ နေထိုင်လို့ရမယ်လို့ ထင်ပါသလား။ ဘယ်လိုမှ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ ကျနော်တို့သည် တစ်ယောက်နဲ့တစ်ယောက် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အမှီသဟဲပြုနေကြတာဖြစ်ပါတယ်။ ကိုယ် အကူအညီလိုနေတဲ့အချိန်မှာ သူတစ်ပါးက ကူညီမယ်၊ အခြားလူတစ်ယောက် အကူအညီလိုတဲ့အခါမှာတော့ ကိုယ်က ပြန်လည်ကူညီပေးရမှာပဲဖြစ်ပါတယ်။ ဒါမှသာ လူ့ဘဝမှာ နေထိုင်ရတာ ပျော်ရွှင်ရမှာပဲဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲနဲ့ ကွီး တို့က လူ့ဂွစာကြီးလို့ ပြုမူနေထိုင်မယ်၊ အခြားလူတွေက ကိုယ်နဲ့ မတူသလို မတန်သလို ဆက်ဆံနေမယ်ဆိုရင်တော့ လူအများက နှာခေါင်းရှုံ့ရတဲ့ လူ့ချဥ်ဖတ်ကြီး ဖြစ်လာမှာပဲဖြစ်ပါတယ်။

ကွီး တို့ကိုယ်တိုင်ရော ကိုယ်ကိုယ်တိုင်က လူ့ချဥ်ဖတ်ကြီး ဖြစ်လာနေပြီလား။ ဘယ်လိုလက္ခဏာတွေက ကွီးတို့ကို လူ့ဂွစာကြီး ဖြစ်နေကြောင်းကို ညွှန်ပြနေသလဲဆိုတာ သိပါသလား။

အခုဆက်လက်ဖော်ပြပေးမယ့် အချက်များနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်လိုက်ပါ။ အကုန်လုံးနီးပါးက ထပ်တူကျနေမယ်ဆိုရင်တော့ သေချာပါတယ်၊ ကွီးတို့ကို ဘယ်သူကမှ အပေါင်းအသင်း လုပ်ချင်ကြမှာမဟုတ်ပါဘူး။

သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်းများရဲ့ အောင်မြင်မှုကို မနာလိုရှုစိမ့် ဖြစ်နေပါသလား

ကွီး လူ့ချဥ်ဖတ်ကြီး

ကိုယ့်သူငယ်ချင်းတွေက နယ်ပယ်အသီးသီးမှာ သူတို့ရဲ့ ကိုယ်ပိုင်ကြိုးစားမှုကြောင့် အောင်မြင်နေချိန်မှာ ကိုယ်က သူတို့ရဲ့ အောင်မြင်မှုကို ထိုင်ပြီး မနာလိုနေမိပြီလား။​ ဒါဆိုရင်တော့ ကွီးတို့ရဲ့ စိတ်ထားက ဖြောင့်မတ်မနေဘဲ အတိမ်းအစောင်းရှိနေပြီဆိုတာကို သတိထားဖို့ လိုအပ်ပါပြီ။

အခြားသူတွေက အချိန်နဲ့အမျှ ကြိုးစားနေချိန်မှာ ကွီးတို့က ဘာမှမကြိုးစားဘဲ ယောင်ခြောက်ဆယ်ဖြစ်နေမယ်ဆိုရင်တော့ နောက်ကောက်ကျကျန်ခဲ့မှာပဲဖြစ်ပါတယ်။ ကိုယ်က နောက်ကောက်ကျကျန်ခဲ့မှ သူတစ်ပါး အောင်မြင်မှုကို မနာလိုနေရင် ကွီးတို့ ကိုယ်တိုင်ပဲ ပူလောင်ရမှာဖြစ်ပါတယ်။ အများနောက်မှာ နောက်ကောက်ကျ မကျန်ခဲ့ချင်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် မပျင်းရိအောင် ပြုမူရမှာဖြစ်ပြီး အချိန်နဲ့အမျှ ကြိုးစားနေရမှာပဲဖြစ်ပါတယ်။

Respect ဆိုတဲ့ စကားလုံးကို မေ့နေပြီလား

ကွီး လူ့ချဥ်ဖတ်ကြီး

လူ့ပတ်ဝန်းကျင်မှာ အချင်းချင်း လေးစားမှုသည် အင်မတန်မှ အရေးကြီးပါတယ်။ ကိုယ့်ထက် အသက်အရွယ် ကြီးသူကိုလည်း လေးစားရမှာဖြစ်ပြီး ကိုယ့်ထက် ငယ်ရွယ်သူကိုလည်း တစ်နည်းတစ်ဖုံ Respect ပေးဖို့လိုအပ်ပါတယ်။ ကိုယ့်ထက် အသက်အရွယ် ကြီးသူနဲ့ ဆက်ဆံနေချိန်မှာ ကိုယ့်ဘက်က လေးစားမှုကို မပြဘဲ တစ်ချိန်လုံး ဦးစားပေးခံချင်နေလို့လည်း မရပါဘူး။ ငယ်ရွယ်သူတွေနဲ့ ဆက်ဆံနေချိန်မှာလည်း “ငါ့ထက် အသက်ငယ်တာပဲ ငါ့ကို လေးစားစမ်း” ဆိုပြီး ဘုရင်ကြီးစတိုင်လ် ဖမ်းနေလို့မရပါဘူး။ ကိုယ်က လေးစားခံချင်တယ်ဆိုရင် လေးစားမှုနဲ့ ခံထိုက်တဲ့ အပြုအမူမျိုး ပြုမူဖို့ လိုအပ်ပါတယ်။ ကိုယ့်ဘက်က မထော်မနန်းတွေ ပြုမူနေပြီး ငါ့ကို မလေးစားရကောင်းလားဆိုပြီး ဒေါသထွက်နေမယ်ဆိုရင်တော့ ထိုဒေါသနဲ့ပဲ စိတ်ရောဂါ ရသွားပါလိမ့်မယ်။ အဆံမရှိတဲ့ စပါးနှံလို မာနာထောင်လွှားနေပြီး “ငါ တကောကော” ကောနေလို့ကတော့ လူ့ချဥ်ဖတ်ကြီးပဲ ဖြစ်လာပါလိမ့်မယ်။

 ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးနဲ့ ဗလောင်းဗလဲလုပ်နေမိပြီလား

ကွီး လူ့ချဥ်ဖတ်ကြီး

ရှေ့မှာကတော့ အပြုံးလေးနဲ့ ပြောဆိုဆက်ဆံပြီး နောက်ကွယ်မှာတော့ အတင်းတုပ်နေမယ်ဆိုရင်တော့ ကွီးတို့ကို ဘယ်သူကမှ လူကြီးလူကောင်းတစ်ယောက်လို့ ထင်မှာမဟုတ်ပါဘူး။ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးနဲ့ မျက်နှာနှစ်မျိုး ပြုမူနေမယ်ဆိုရင် အထင်ကြီးလေးစားမှုကို ခံရမှာမဟုတ်ဘဲ လူအများက နှာခေါင်းရှုံ့ကြမှာပဲဖြစ်ပါတယ်။ ကိုယ်နဲ့ ဆက်ဆံသူတွေကလည်း ကိုယ့်ကို သတိထား ဆက်ဆံကြမှာဖြစ်ပြီး စိတ်ရင်းအမှန်နဲ့ ဆက်ဆံပေးဖို့ဆိုတာ ခဲယဥ်းသွားပါလိမ့်မယ်။

သူများနောက်ကျောကို ဓားနဲ့ ထိုးနေမိပြီလား

ကွီး လူ့ချဥ်ဖတ်ကြီး

ကိုယ့်ကို ယုံကြည်ထားတဲ့ သူငယ်ချင်း မိတ်ဆွေ အရင်းကြီးတွေအပေါ် နောက်ကျော ဓားနဲ့ထိုးမယ်ဆိုရင် တဖြည်းဖြည်းနဲ့ အချိန်ကြာလာတဲ့အခါ ကွီးတို့ဆီမှာ မိတ်ဆွေ အပေါင်းအသင်း တစ်ယောက်မှ ရှိတော့မှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အကျိုးစီးပွားတစ်ခုတည်းကိုပဲကြည့်ပြီး ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ စိတ်ဓာတ်မျိုးကိုလည်း ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။

ပန်းနုသွေးစတိုင်လ် ဖမ်းနေပါသလား

man crying

ကိုယ်ကချည်းပဲ နစ်နာနေတယ်၊ အခြားသူတွေက ကိုယ့်ကို ဝိုင်းအနိုင်ကျင့်နေကြတယ်ဆိုပြီး ပန်းနုသွေးစတိုင်လ် ဖမ်းနေတာက ယနေ့ခေတ်မှာ အတော်ခေတ်စားနေကြတာ တွေ့ရပါတယ်။ ကိုယ်ကတော့ အခြားသူတွေအပေါ်မှာ လုပ်ချင်သလိုတွေ လုပ်ထားပြီးမှ ပန်းနုသွေးနေမယ်ဆိုရင် အခြားသူတွေက ကွီးတို့ကို ချဥ်သွားမှာပဲဖြစ်ပါတယ်။ ကွီးတို့အကြောင်းမသိသူတွေကလည်း ပထမတစ်ခါမှာတော့ ကွီးတို့နဲ့ ပေါင်းသင်းဆက်ဆံပါလိမ့်မယ်။ ဒါပေမဲ့ ကွီးတို့အကြောင်း သိသွားတဲ့အခါမှာတော့ ကွီးတို့ကို ဝေါင်ဝေါင်ရှေးသွားပါလိမ့်မယ်။

ကွီး တို့ရဲ့ လူမှုအသိုက်အဝန်းထဲမှာရော အထက်ဖော်ပြပါ အချက်များနဲ့ တိုက်ဆိုင်နေတဲ့ လူ့ချဥ်ဖတ်ကြီး တွေ ရှိပါသလား။

Featured Image: Aconsciousrethink