ဒီနွေရာသီ အပြောင်းအရွှေ့ ကာလအတွင်း တော့တင်ဟမ် ဟော့စပါးအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းဆီ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ သူရဲ့ ကလပ်အသင်း ဘိုင်ယန်နဲ့အတူ ဥရောပ ချန်ပီယံလိဂ်ဖလားကြီးကို ရယူသွားနိုင်ဖို့ ရည်မှန်းထားကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
Photo Credit : The Athletic
စပါးအသင်းမှာ အသက် ငယ်ရွယ်စဉ်ကတည်းကနေ အသက် (၃၀)လောက်အထိ ကျင်လည်ခဲ့ရင်း ဆုဖလား အောင်မြင်မှုတွေနဲ့ အလှမ်းဝေးခဲ့ရတဲ့ ဟယ်ရီကိန်းက ပရီးမီးယားလိဂ်မှာပဲ ဂိုးသွင်းဘုရင်ဆု ၊ တစ်နှစ်တာရဲ့ အကောင်းဆုံး ကစားသမားဆုတွေနဲ့သာ ကျေနပ်နေခဲ့ရပါတယ်။ ကမ္ဘာ့အကောင်းဆုံး အထောင် တိုက်စစ်မှူးတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဟယ်ရီကိန်းကို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေကလည်း အပြိုင်အဆိုင်ကို လိုချင်နေကြပေမယ့် စပါးဘက်ကတော့ ဒေသတွင်းက ပြိုင်ဘက်ကလပ်တွေဆီ ရောင်းချဖို့ကိုတော့ ခါးခါးသီးသီး ငြင်းဆန်ခဲ့ပါတယ်။
Photo Credit : Marca
ဒါပေမယ့် ဒီ ၂၀၂၃ နွေမှာတော့ ဟယ်ရီကိန်းရဲ့ ကစားသမားဘဝအတွက် အကြီးမားဆုံး အပြောင်းအလဲကြီး တစ်ရပ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ခွင့် ကြုံလိုက်ရပါတော့တယ်။ စပါးအသင်းဆီမှာ (၁၉)နှစ်ကြာ ဖြတ်သန်းမှုကြီး ရပ်တန့်သွားခဲ့သလို ဆုဖလား လက်မဲ့ ဖြစ်နေမှုကိုလည်း အဆုံးသတ်နိုင်ဖို့က သေချာသလောက်ကို ရှိနေပါတယ်။ လက်ရှိမှာလည်း ဟယ်ရီကိန်းက ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ (၁၆)ပွဲအထိ ကစားပေးရင်း (၂၁)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့ပါတယ်။
Photo Credit : Opta Analyst
ဘိုင်ယန်ကို ရောက်ရောက်ချင်း ဂျာမန် စူပါဖလားပြိုင်ပွဲကို ဆင်နွဲခဲ့ရပေမယ့်လည်း ဂိုးပြတ် ရှုံးပွဲကြောင့် ဖလားတစ်လုံး လက်လွတ်ခဲ့ရတဲ့ ဟယ်ရီကိန်းက နောက်ထပ် ဆုဖလားတွေဖြစ်တဲ့ ဘွန်ဒက်စ်လီဂါ နဲ့ ချန်ပီယံလိဂ်ဖလားကြီးကို ရယူသွားနိုင်ဖို့ ရည်မှန်းထားပါတယ်။ ဘွန်ဒက်စ်လီဂါက ဘိုင်ယန် နှစ်တိုင်း ရယူနေတဲ့ ဖလားဖြစ်လို့ လေဗာကူဆင် ဘယ်လိုပဲကောင်းနေပါစေ အချိန်တန်ရင် ဘိုင်ယန် ကျော်လွှားတာကို ခံရနိုင်တာမို့ ကိန်းအနေနဲ့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဖလားကို ရရှိဖို့က သေချာနေပြီး ဘိုင်ယန်မှာက ကစားသမားအင်အား တောင့်တင်းလွန်းတာကြောင့် ချန်ပီယံလိဂ်ဖလားအထိပါ ဆက်လက် မျှော်မှန်းကောင်း မျှော်မှန်းနိုင်ပါတယ်။
Featured Photo : Bundesliga