ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ် အသင်းဟာ ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဖိုင်နယ်မှာ ဝတ်ဆင်ခဲ့တဲ့ အပြာရောင်ဝတ်စုံကို လာမယ့် တနင်္ဂနွေနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြန်လည်ဝတ်ဆင်သွားမယ်လို့ သိရပါတယ်။
Photo : Evening Standard
ပြင်သစ်ဟာ ဗုဒ္ဓဟူးနေ့ညက မော်ရိုကိုကို ၂ – ၀ ဂိုးနဲ့ အနိုင်ရရှိပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲကို နှစ်ကြိမ်ဆက်တက်ရောက်နိုင်ခဲ့တာဖြစ်ကာ ၁၉၆၂ ခုနှစ်နောက်ပိုင်း ဘရာဇီး ပြီးတဲ့နောက် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆက်လက်ထိန်းထားနိုင်မယ့် ပထမဆုံးအသင်း ဖြစ်လာနိုင်တဲ့ အခွင့်အရေးရှိနေတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ကိုပါအမေရိကဖလား သိမ်းပိုက်နိုင်ခဲ့တဲ့ အာဂျင်တီးနားအသင်းကလည်း လီယွန်နယ် မက်ဆီရဲ့စွမ်းဆောင်မှုနဲ့အတူ ခရိုအေးရှားကို ၃ – ၀ ဂိုးနဲ့ အနိုင်ရရှိကာ ကမ္ဘာ့ဖလားဗိုလ်လုပွဲ တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ ခရိုအေးရှားနဲ့ပွဲမှာ အာဂျင်တီးနားအတွက် မက်ဆီနဲ့အတူ မန်ချက်စတာစီးတီးတိုက်စစ်မှူး ဂျူလီယန် အယ်လ်ဗာရက်ဇ်ကလည်း သွင်းဂိုး ၂ ဂိုး စွမ်းဆောင်ပေးခဲ့ပြီး ဘရာဇီးဂန္ထဝင်ပီလီ ပြီးတဲ့နောက် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ သွင်းဂိုး၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။
Photo : The Irish Sun
နှစ်သင်းစလုံးကတော့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် အကောင်းဆုံးပြင်ဆင်နေကြပြီး ပြင်သစ်က အာဂျင်တီးနားအသင်းရဲ့ ဘောင်းဘီအရောင်နဲ့ တူညီမနေစေဖို့ လက်ရှိဝတ်ဆင်နေတဲ့ ဂျာစီအပြာ ၊ ဘောင်းဘီအဖြူနဲ့ ခြေအိတ်အနီ သုံးရောင်ခြယ်ဝတ်စုံကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။
ပြင်သစ်ဟာ တူနီးရှားကို ၁ – ၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အုပ်စုပွဲစဉ်မှာလည်း သုံးရောင်ခြယ်ဝတ်စုံအစား အပြာရောင်ဝတ်စုံကို ဝတ်ဆင်ကစားခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်အသင်းဟာ ခရိုအေးရှားကို ၄ – ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားနောက်ဆုံးဗိုလ်လုပွဲမှာလည်း အဆိုပါ အပြာရောင်ဝတ်စုံကိုပဲ ဝတ်ဆင်ပြီး ချန်ပီယံဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
Photo : Get French Football News
တနင်္ဂနွေနေ့ညမှာ အာဂျင်တီးနားနဲ့အဆုံးအဖြတ် ယှဉ်ပြိုင်ကစားမယ့် ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာလည်း အပြာရောင်ချန်ပီယံဝတ်စုံကိုပဲ ပြန်လည်ဝတ်ဆင်ပြီး ပွဲထွက်လာမယ့် ပြင်သစ် အသင်းအနေနဲ့ တတိယကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို သိမ်းပိုက်သွားနိုင်မလားဆိုတာတော့ ရင်ခုန်စွာပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Featured Photo : Daily Mail