ဒီနွေမှာ စပါးကနေ ဘိုင်ယန်မြူးနစ်အသင်းဆီ ယူရို သန်း(၁၀၀)နဲ့ ပြောင်းရွှေ့လာခဲ့တဲ့သူ အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်း က သူရဲ့ ဘိုင်ယန်ကစားသမားဘဝ ပထမဆုံး ပွဲစဉ်ဖြစ်တဲ့ ဂျာမန် စူပါဖလား ဖိုင်နယ်ပွဲစဉ်မှာတော့ ဒုတိယပိုင်းမှသာ ကစားခဲ့ရသလို အသင်းကလည်း ရှုံးပွဲတွေ့ခဲ့ရင်း ဆုဖလားနဲ့ လွဲချော်ခဲ့ရပေမယ့် သူရဲ့ ဘွန်ဒက်စ်လီဂါ တာအထွက်မှာတော့ တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပေးရင်းနဲ့ တာထွက်လှပခဲ့ရပါတယ်။

sane kane

Photo Credit : Sportsnet

မနေ့ညက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီသစ် ပွဲစဉ် (၁)အဖြစ် ဝါဒါဘရီမင်အသင်း နဲ့ လက်ရှိ ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဧည့်သည် ဘိုင်ယန်က (၄)ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသားကို အနိုင်ယူခဲ့ပါတယ်။ ဒီပွဲမှာတော့ ဘိုင်ယန်ရဲ့ ကစားသမားသစ် တစ်ဦးဖြစ်သူ ဟယ်ရီကိန်း က ပွဲထွက် ကစားသမားအဖြစ် ပထမဆုံးအကြိမ် ပါဝင်လာခဲ့သလို သူရဲ့ ပထမဆုံးသော ဘွန်ဒက်စ်လီဂါ ကစားသမားဘဝမှာပင် ကိန်းက သွင်းဂိုးတစ်ဂိုး နဲ့ ဂိုးဖန်တီးမှု တစ်ကြိမ်ကိုပါ ပြုလုပ်သွားခဲ့ပါတယ်။

kane

Photo Credit : Twitter

ဘိုင်ယန်အသင်းဆီ ပြောင်းရွှေ့ပြီး အဲ့ဒီရက်ထဲမှာပဲ ဖလားပြိုင်ပွဲတစ်ခုကို ဝင်ရောက် ဆင်နွဲခွင့် ရရှိခဲ့ပေမယ့် (၃)ဂိုးပြတ်နဲ့ အရေးနိမ့်ရင်း ဖလားကိုင်မြှောက်ခွင့် ဆက်လက် အလှမ်းဝေးခဲ့ရတဲ့ ဟယ်ရီကိန်းကို ဆုဖလား ကျိန်စာသင့်နေသူ ဘိုင်ယန်မှာ flop သွားနိုင်သူဆိုပြီး အမျိုးမျိုး ဝေဖန်နေကြပေမယ့်လည်း ဟယ်ရီကိန်း ကတော့ သူရဲ့ အရည်အချင်း အစစ်အမှန်တွေကို ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၁)မှာပဲ အကောင်းဆုံး ချပြနိုင်ခဲ့ရင်း သူဟာ ဘယ်လို ကစားသမားမျိုးလဲဆိုတာကိုပါ ပြသသွားနိုင်ခဲ့ပါတယ်။

kane tuchel

Photo Credit : Twitter

ပွဲစပိုင်း မိနစ်ဘာမှ မကြာသေးခင်မှာပဲ ဘိုင်ယန် တောင်ပံ ကစားသမား လီရွိုင်း ဆာနေးရဲ့ အဖွင့်ဂိုးကို ဟယ်ရီကိန်းက ဖန်တီးပေးနိုင်ခဲ့တဲ့အပြင် ဒုတိယပိုင်း ပြန်လည် စတင်ပြီး မိနစ် (၃၀)အကြာမှာလည်း ကိန်းက သူကိုယ်တိုင် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အသင်းရဲ့ ဂိုးပြတ်နိုင်ပွဲမှာ သွင်းဂိုး (၂)ဂိုးကို ပါဝင် ပတ်သက်နိုင်ခဲ့တဲ့ ဟယ်ရီကိန်း အနေနဲ့ လာမယ့် ပွဲစဉ်တွေအတွင်း ဘိုင်ယန်အတွက် သွင်းဂိုးတွေ ဘယ်လောက်အထိ သွင်းယူပေးနိုင်ဦးမလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေရသလို ဘိုင်ယန်ကလည်း လီဝန်ဒေါစကီး ကွက်လပ်ကို သေချာ ဖြည့်တင်းနိုင်လိုက်ပြီလို့ ယူဆနိုင်ပါတယ်။

Featured Photo : Twitter