လူတစ်ယောက်အတွက် နေရာဒေသအလိုက် ဝတ်စားဆင်ယင်မှုက အရေးပါပါတယ်။ ဝတ်စားဆင်ယင်မှု လို့ဆိုရာမှာ ခေါင်းအစ ခြေအဆုံး ပါဝင်ပါတယ်။ ကွီးတို့အနေနဲ့ ဘယ်‌လောက်ပဲ အဝတ်အစားကို သပ်ရပ်ပြီး စတိုင်လ်ကျအောင် ဝတ်ဆင်ထားပါစေ၊ ဖိနပ်တွေက လိုက်ဖက်မှု မရှိတာမျိုးဆို အဆင်မပြေနိုင်ပါဘူ။ ထို့အပြင် ဖိနပ်များ ဟာ နေ့စဉ်သုံးပစ္စည်း တစ်ခုထက် ပိုတဲ့အပြင် ရွေးချယ်ဝတ်ဆင်တဲ့ အသွင်အပြင်ကိုလိုက်ပြီး ကွီးတို့ရဲ့ စတိုလ်ကျမှုနဲ့ ဖက်ရှင်ပိုင်းမှာလည်း ကွဲပြားစွာ အကျိုးသက်ရောက် နိုင်ပါတယ်။ ကွီးတို့က လုပ်ငန်းခွင်မှာ ဖြစ်စေ၊ ကိုယ်ကျင်လည်တဲ့နယ်ပယ်မှာ ဖြစ်စေ၊ နေရာတစ်ခုရပြီးသား အမျိုးသားတစ်ယောက်ဆိုပါက ဖိနပ်တွေကို ပိုပြီး ဂရုတစိုက် ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့နဲ့အတူ ခြေလှမ်းတိုင်းမှာ အတူလိုက်ပါနေမယ့် ဖိနပ်တွေကို ရွေးချယ်ရာမှာ သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ အဝတ်အစားနဲ့ လိုက်ဖက်ညီမှု ရှိပါစေ

ခြေလှမ်းတိုင်းမှာ အတူလိုက်ပါနေမယ့်

Photo : Mbb.Gov.in

ကွီးတို့အနေနဲ့ ဖိနပ်ကို ရွေးချယ်ရာမှာ ဘယ်လိုနေရာမှာ အများဆုံး ဝတ်ဆင်မှာလဲ၊ ဘယ်လိုရည်ရွယ်ချက်အတွက်လဲ ဆိုတာ သေချာသိပါစေ။ နေ့တိုင်း ပေါ့‌ပေါ့ပါးပါး ဝတ်ဆင်ဖို့အတွက်လား၊ ဒါမှမဟုတ် စီးပွားရေးဆိုင်ရာ ကိစ္စများအတွက် အနောက်တိုင်းဝတ်စုံနဲ့ တွဲဖက်ဝတ်ဆင်ဖို့လား ဆိုတာ သေချာသိပါစေ။ ကိုယ်တွဲဖက်ဝတ်ဆင်မယ့် အဝတ်အစားနဲ့ လိုက်ဖက်ညီတဲ့ ဖိနပ်ကို အမြဲတမ်း ရွေးချယ်ပါ။

မှန်ကန်သော ဖိနပ် ဆိုဒ် ဖြစ်ပါစေ

ခြေလှမ်းတိုင်းမှာ အတူလိုက်ပါနေမယ့်

Photo : The Fashionisto

ကွီးတို့နဲ့အတူ ခြေလှမ်းတိုင်းမှာ အတူလိုက်ပါနေမယ့် ဖိနပ်တွေက သက်တောင့်သက်သာ ရှိဖို့လည်း လိုပါတယ်။ ဖိနပ်တွေက ကိုယ့်ခြေထောက်ထက် အနည်းငယ် ကြီးတာ၊ အနည်းငယ် ကျပ်နေတာမျိုးက ကွီးတို့အတွက် အဆင်မပြေဖြစ်စေနိုင်ပြီး သက်တောင့်သက်သာမရှိစေပါဘူး။ ဒါ့ကြောင့် ကိုယ့်ရဲ့ခြေထောက်ဆိုဒ်နဲ့ ကွက်တိကျတဲ့ ဖိနပ်ကို သေချာစီးကြည့်ပြီးမှ ရွေးချယ် ဝယ်ယူပါ။ တစ်ခါတစ်ရံ ဖိနပ်တွေက ကွီးတို့ရဲ့ ခြေထောက်တွေနဲ့ အရွယ်အစား ကွက်တိဖြစ်ပေမဲ့လည်း လမ်းလျှောက်တဲ့အခါ သက်တောင့်သက်သာ မရှိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကွီးတို့ရွေးချယ်ထားတဲ့ ဖိနပ်ကို စီးပြီး အကြိမ်အနည်းငယ် လမ်းလျှောက်ကြည့်ပါ။ ဒါ့အပြင် ကွီးတို့ ပုံမှန်ဝတ်ဆင်နေကျ ခြေအိတ်နဲ့လည်း အဆင်ပြေခြင်းရှိမရှိ၊ သိရအောင် တစ်ပါတည်း ဖိနပ်စမ်းသပ်စီးကြည့်တဲ့အခါ တစ်ပါတည်း ဝတ်ဆင်ထားပါ။

ဖိနပ်မှာ ရင်းနှီးမြှပ်နှံဖို့ မနှမြောပါနဲ့

Photo : Gentleman Store

အမျိုးသားတစ်ယောက်အတွက် ဖိနပ်ကောင်းကောင်းတစ်ရံက ရှိထားသင့်ပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်ရင် အရည်အသွေးကောင်းတဲ့ ဖိနပ်မှာ ရင်းနှီးမြှပ်နှံဖို့ မနှမြောပါနဲ့။ အရည်အသွေးကောင်းတဲ့ ဖိနပ်တွေက ကြာရှည်ခံပြီး အ‌ရည်အသွေးမကောင်းတဲ့ ဖိနပ်တွေလို အချိန်ခဏလေးနဲ့ ပျက်တာ၊ ပါးသွားတာမျိုးကိုလည်း ရှောင်ရှားပြီးသား ဖြစ်စေပါတယ်။ ကိုယ့်ရဲ့ ထိန်းသိမ်းမှုပေါ် မူတည်ပြီးလည်း ဖိနပ်ကောင်းများရဲ့ သက်တမ်းကို တိုးစေပါတယ်။ နောက်တစ်ချက်အနေနဲ့ကတော့ ဖိနပ်တွေကို အမြဲတမ်း သန့်သန့်ရှင်းရှင်းထားဖို့ မမေ့ပါနဲ့။

ကွီးတို့ရေ ဖိနပ်ရွေးချယ်ရာမှာ အချိန်နည်းနည်းပိုပေးပြီး သေချာရွေးချယ်ခြင်းက ကွီးတို့အတွက် အဆင်ပြေပြီး သက်‌တောင့်သက်သာဖြစ်တဲ့ ဖိနပ်ကို ရရှိစေပါတယ်။ အပေါ်မှာ ဖော်ပြပေးလိုက်တဲ့ အချက်အချို့ကလည်း ကွီးတို့အတွက် အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။

Source : Tall Men Shoes

Featured Photo : French Crown