ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူရဲ့ ဘောလုံးသမားဘဝအတွင်း သွင်းဂိုး စုစုပေါင်း (၈၅၀)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးတဲ့နောက် ဘောလုံးသမိုင်းတစ်လျှောက်မှာ သွင်းဂိုး (၈၅၀) ပြည့်မြောက်အောင် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးသော ကစားသမားတစ်ဦးအဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့ရပါတယ်။
Photo Credit : Eurosports
ဒီစက်တင်ဘာ (၂)ရက်နေ့ အယ်လ် ဟာဇီအသင်းနဲ့ အယ်လ် နာဆာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဆော်ဒီပရိုလိဂ် အမှတ်ပေးပွဲစဉ်မှာ အယ်လ် နာဆာ အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုက အသင်းအတွက် ဂိုးဖန်တီးမှု (၂)ကြိမ် နဲ့ အသင်းရဲ့ (၄)ဂိုးမြောက် ဂိုးကို သွင်းယူရင်း ဒီဂိုးက ရော်နယ်လ်ဒိုအတွက်တော့ ဒီရာသီ ဆော်ဒီလိဂ်ဂိုး (၆)ဂိုးနဲ့ ကစားသမားဘဝရဲ့ ဂိုးပေါင်း (၈၅၀)မြောက် ဂိုးလည်း ဖြစ်လာခဲ့ရပါတယ်။
Photo Credit : Goal
ရော်နယ်လ်ဒိုက ကစားသမားဘဝအတွင်း သူရဲ့ ပထမဆုံးကလပ် စပို့တင်း လစ္စဘွန်းအသင်းအတွက် (၅)ဂိုး မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ပထမဆုံးအကြိမ်မှာ (၁၁၈)ဂိုး ဒုတိယအကြိမ်မှာ (၂၇)ဂိုး ရီးယဲလ် မက်ဒရစ်အသင်းအတွက် ဂိုး (၄၅၀) ဂျုဗင်တပ်စ်အသင်းအတွက် (၁၀၁)ဂိုး နဲ့ အယ်လ် နာဆာအသင်းအတွက် (၂၆)ဂိုး သွင်းယူထားပြီး ကလပ်အသင်း သွင်းဂိုးပေါင်း (၇၂၇)ဂိုး သွင်းယူထားသလို ပေါ်တူဂီ လက်ရွေးစင်အသင်းအတွက်ကိုလည်း (၁၂၃)ဂိုး သွင်းယူထားကာ စုစုပေါင်း ဂိုး (၈၅၀)အထိ သွင်းယူထားနိုင်ပါတယ်။
Photo Credit : Al Jazeera
လက်ရှိမှာ အသက် (၃၈)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးကြီး ရော်နယ်လ်ဒိုဟာ သူရဲ့ မဟာပြိုင်ဘက်ဖြစ်သူ လီယွန်နယ် မက်ဆီထက် စုစုပေါင်း သွင်းဂိုး အရေအတွက် (၃၂)ဂိုးအထိ ကွာဟလို့နေပြီး မက်ဆီက လက်ရှိမှာ (၈၁၈)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ရော်နယ်လ်ဒိုကလည်း လက်ရှိအချိန် ဆော်ဒီ ပရိုလိဂ်မှာ ဂိုးတွေ တဒိုင်းဒိုင်း သွင်းယူထားနိုင်သလို တစ်ဖက်မှာ မက်ဆီကလည်း အင်တာ မိုင်ယာမီနဲ့အတူ မြောက်အမေရိက ဘောလုံးနယ်ပယ်အတွင်း အကောင်းဆုံး ဖြတ်သန်းလို့နေပြီး (၁၁)ပွဲကစား (၁၁)ဂိုးသွင်း (၅)ဂိုးဖန်တီးထားနိုင်တဲ့အထိ တောက်လျှောက် ခြေစွမ်းကောင်းတွေ ပြသလို့နေပါတယ်။
Featured Photo : FOX Sports