Vodka Soda ၊ Gin & Tonic တို့လို လန်းဆန်းစေတဲ့ ကော့လ်တေးတွေ ကြိုက်တယ်ဆိုရင် Gin Rickey ကော့လ်တေးကို မြည်းစမ်းကြည့်သင့်ပါတယ်။ Gin Rickey ကော့လ်တေးဟာ ဂျင် Gin ၊ ဆိုဒါ ၊ သံပုရာရည်တို့နဲ့ ဖျော်စပ်ထားတဲ့ Highball ကော့လ်တေး တစ်ခွက် ဖြစ်ပါတယ်။ ၁၈၈၀ ခုနှစ်တွေမှာ စတင်ပေါ်ခဲ့ပြီး မူလအစက ဘော်ဘွန်းဝီစကီ Whiskey နဲ့ ဖျော်စပ်ခဲ့တာပါ။ ၁၉၈၀ ခုနှစ် နောက်ပိုင်းမှာတော့ ဂျင် Gin နဲ့ ဖျော်စပ်ခဲ့ပြီး ဒီနေ့အထိတိုင် လူကြိုက်များရေပန်းစားနေဆဲ ဖြစ်ပါတယ်။

Photo : A Couple Cooks

Gin Rickey ကော့လ်တေးဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းအကျဉ်းကတော့ Colonel Joe Rickey လို့ခေါ်တဲ့ ဒီမိုကရက်တစ် နိုင်ငံရေးသမားတစ်ယောက်က Washington DC Bar မှာ Bartender တစ်ဦးရဲ့အကူအညီနဲ့ ဒီကော့လ်တေးကို စတင်ဖျော်စပ်ခဲ့တာပါ။ Gin Rickey ကော့လ်တေးဟာ ကမ္ဘာတစ်ဝှမ်းမှာ ဘယ်လောက်အထိ ရေပန်းစားလာခဲ့သလဲဆိုရင် ၁၉၂၀ ခုနှစ်ထုတ် Great Gatsby ဝတ္ထုကဲ့သို့ နာမည်ကြီးစာအုပ်တွေမှာပင် ဖော်ပြခြင်းခံခဲ့ရပါတယ်။ ဒီလိုနာမည်ကြီးကမ္ဘာကျော် ကော့လ်တေးကို ကွီးတို့အိမ်မှာပဲ ကိုယ်တိုင်ဖျော်စပ်သောက်နိုင်ဖို့ လွယ်ကူရိုးရှင်းတဲ့ ဖျော်စပ်နည်းအဆင့်ဆင့်ကို ပြောပြပေးလိုက်ပါမယ်။

Photo : A Couple Cooks

အရင်ဆုံး Highball ဖန်ခွက်ရှည်ထဲမှာ ဂျင် Gin ၃ အောင်စနဲ့ လတ်ဆတ်တဲ့ သံပုရာရည် ၁ အောင်စခွဲတို့ကို ရောထည့်ပြီး မွှေပေးပါ။ ပြီးတဲ့အခါ ဖန်ခွက်ထဲကို ရေခဲတဝက်ခန့် ဖြည့်ပြီး အပေါ်ကနေ ဆိုဒါ ၄ အောင်စခန့် လောင်းထည့်လိုက်ပါ။ နောက်ဆုံးအဆင့်အနေနဲ့ သံပုရာသီးစိပ်လေးနဲ့ အလှဆင်လိုက်ပါ။  ဒါဆိုရင်တော့ ငြိမ့်ငြိမ့်လေးနဲ့ မူးတဲ့ လန်းဆန်းရွှင်မြူး Gin Rickey ကော့လ်တေး တစ်ခွက် အသင့်သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။

Featured Photo : Food Republic